တောင်ကြီးတွင် သင်္ကြန်အပြီး လျှပ်စစ်မီး အချိန် ကန့်သတ်ချက်ဖြင့် ပြန်‌ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် သင်္ကြန်အပြီး လျှပ်စစ်မီး အချိန် ကန့်သတ်ချက်ဖြင့် ပြန်‌ပေး


မြို့တော်တောင်ကြီး၌ စစ်ကောင်စီက ပြုလုပ်သည့် သင်္ကြန်ပွဲပြီး နောက်ပိုင်းမှ စတင်၍ လျှပ်စစ်မီးအား အချိန် ကန့်သတ်ချက်ဖြင့် ပေးသည့် စနစ်ကို ပြန်လည် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

.

စစ်ကောင်စီ၏ လျှပ်စစ်ဓါတ်အားလုပ်ငန်းက တောင်ကြီးမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့များတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ စတင်၍ လျှပ်စစ်မီးကို အချိန်ပိုင်း ဖြင့်သာ ဖြန့်ဖြူးပေးခဲ့ရာမှ  သင်္ကြန်ကာလအတွင်း၌ လျှပ်စစ်မီး ပြတ်တောက်မှု မရှိခဲ့ဘဲ သင်္ကြန်ပြီးနောက်ပိုင်းမှ ပြန်လည်ဖြတ်တောက်ခြင်း ဖြစ်ကြောင်း သိရသည်။

.

“သူတို့ ပွဲလုပ်တဲ့ အချိန်အတွင်းမှာတော့ အချိန်ပြည့် ပေးထားတယ်။ ၁၀ တန်း စာမေးပွဲ ဖြေနေတဲ့အချိန်မှာတောင်မှ တစ်ချိန်လုံး ပြတ်နေတဲ့ မီးက သင်္ကြန်တွင်းတော့ မပြတ်ဘူး။ မှတ်မှတ်ရရ ဆိုရင် တောင်ကြီးမှာ သူတို့ သင်္ကြန်ပွဲ ပြီးတဲ့ အတက်နေ့ ညပိုင်းမှ စ ဖြတ်ပါတယ်” ဟု တောင်ကြီး ဒေသခံ တစ်ဦးက ပြောသည်။

.

ယခင် စစ်အာဏာ မသိမ်းမီက လျှပ်စစ်မီး ဖြတ်တောက်မှုများ ပြုလုပ်လျင် သက်ဆိုင်ရာ မြို့နယ်အလိုက် လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများက ပြည်သူလူထုသို့ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် အသိပေးမှုများ ပြုလုပ်ပေးခဲ့သော်လည်း စစ်ကောင်စီ လက်ထက်တွင်မူ ယင်းကဲ့သို့ အသိပေးကြေညာခြင်းမျိုး မရှိသဖြင့် မီးလာချိန်၊ ပြတ်ချိန်ကို ပြည်သူလူထု မသိရှိရဘဲ အခက်အခဲများလည်း ဖြစ်နေရကြောင်း သိရသည်။

.

“အခုက ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး ဆိုတဲ့ အချိုးမျိုးပေါ့။ မီးက ဘယ်အချိန် လာမယ်၊ ဘယ်အချိန် ပြတ်မယ် ဆိုတာမျိုး တိတိကျကျ မသိရတော့ ထမင်းဟင်း ချက်ဖို့က အစ အခက်အခဲဖြစ်ရတယ်။ လုပ်ငန်း လုပ်တဲ့သူတွေ အတွက်ဆိုရင်လည်း အခုလိုအချိန် မီးက ပြတ်၊ ဓါတ်ဆီဈေးက တက် ဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးပေ့ါ” ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

.

စစ်ကောင်စီ၏ ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အချိန်ပိုင်းဖြင့် လျှပ်စစ်ပေးသည့်စနစ်မှာ မေလအထိ ရှိနိုင်ကြောင်း ပြောဆိုထားသည်။

Journal Download

Photo of three cats