မြို့တော် တောင်ကြီး အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ဒေသ အသီးသီးတွင် မော်တော်ဆိုင်ကယ် ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားနေသော်လည်း စစ်ကောင်စီ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိမှု မရှိသလောက် နည်းပါးနေကြောင်း သိရသည်။
.
တောင်ကြီးမြို့ပေါ်တွင် လူစည်ကားသည့် နေရာများ အပါအဝင် နေရာ အသီးသီး၌ မော်တော်ဆိုင်ကယ်များ ခိုးယူခံရခြင်းများ နေ့စဉ်လိုလို ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
.
“အခုက ဈေးဝယ်သွားလည်း စိတ်မချရ၊ ဘုရားသွား၊ ကျောင်းတက်လည်း ဆိုင်ကယ်က ပျောက်နေတော့ ဆိုင်ကယ် ယူသွားရမှာကိုတောင် ကြောက်လာပြီ” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
.
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အတွင်းရှိ မြို့ရွာ ဒေသအသီးသီးတွင် လောင်းကစား၊ ဂိမ်းဆိုင်များ ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ကာ လောင်းကစားမှုများ ပြုလုပ်လာကြခြင်းကြောင့် ယင်းကဲ့သို့ ဒုစရိုက်မှုများ ထူပြော လာရခြင်းဖြစ်ပြီး စစ်ကောင်စီ ရဲတပ်ဖွဲ့ကမူ ဒုစရိုက်မှု နှိမ်နင်းရေးထက် နိုင်ငံရေးအရ ဖိနှိပ်ဖမ်းဆီးမှု လုပ်ငန်းများကိုသာ ပိုမိုအားစိုက်လုပ်ဆောင်နေသည့်အတွက် ရပ်ရွာဒေသ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကင်းမဲ့ လာကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် မော်တော်ဆိုင်ကယ် ခိုးယူထွက်ပြေး သူအား ဒေသခံရွာသားများက တူမီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။