တောင်ကြီးက ရှမ်းပြည်ရဲ့ မြို့တော်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၅၀၀၀ နီးပါးမှာတည်ရှိနေတဲ့ မြို့။ မြို့က အရှေ့နဲ့အနောက် ခရီး တိုတယ်။ တောင်တန်းကြီးပေါ်မှာ တောင်နဲ့ မြောက်သွယ်တန်းနေတဲ့ အနေအထား။ သာယာတယ်၊ သန့်ရှင်းတယ်၊ သပ်ရယ်တယ်၊ နေချင်စဖွယ် ရှိတယ်ဆိုတဲ့ ဂုဏ်တွေ ဒြပ်တွေနဲ့။ အလင်္ကာမြောက်အောင် ဖွဲ့တဲ့ လူတွေက နတ်ဘုံရွာနဲ့ ပမာပြုတတ်ကြတယ်။ ရှမ်းပြည်မြို့တော်က ဖော်ရွေတယ်၊ ခင်မင်နှစ်လိုဖွယ် ကောင်းတယ်။ ရှမ်းပြည်မြို့တော်ရဲ့ ရှမ်းစားသောက်ဖွယ်ရာတွေက ရောက်လာသမျှသော လူ မက်စရာ တစ်ခု။
မြို့တော်မှာ နေထိုင်တဲ့ တိုင်းရင်းသားတိုင်း အသံတော့ နည်းနည်း ဝဲတယ်လို့ညွှန်းတတ်ကြတယ်။
.
အရာရာတိုင်း အကောင်းတွေချည်လား ဆိုတော့၊ မဟုတ်ပါ။ လောကကြီး သဘာဝကိုက ဒွန်တွဲတတ်တဲ့ သဘော။ အလင်း ရှိရင် အမှောင် ရှိတယ်။ အဖြူ နောက်ကွယ်မှာ အမည်းရောင် ရှိတတ်တယ်။ အထူးသဖြင့် ခုလို စစ်အာဏာရှင် လက်အောက်မှာတော့ နာမည်ဆိုးလေးနဲ့ပေါ့။ (ဒါကလည်း တခြားမြို့က လူတွေရဲ့အထင်လေ၊ အမြင်မှ မဟုတ်တာ။)
.
အကောင်းတွေထဲကမှ အချိန်ကာလ တစ်ခုအတွင်း ဆိုးဝါးသွားနိုင်မယ့် အခြေအနေလေး တစ်ခုကိုဝိုင်းဝန်း စဉ်းစားကြည့်ရအောင်။ အဲဒါကတော့ ရှမ်းပြည်မြို့တော်မှာ လက်တွေ့ကျကျ ကြုံတွေ့လာရနိုင်မယ့် သောက်သုံးရေ ပြဿနာ။ အချိန်တန်ရင် နွားပိန်ကန်လိမ့်မယ်လို့ တွေးထားရင်တော့ တစ်မျိုးပေါ့။ရေရှည်အတွက် ကြိုတင် ပြင်ဆင်မယ်ဆိုရင်တော့အတော်ကြီး ခရီးရောက်အောင်/ခရီးပေါက်အောင်လုပ်ကြရလိမ့်မယ် ထင်ပါတယ်။
.
မြို့တော်ဟာ တောင်ပေါ်ဒေသမြို့ ဖြစ်တဲ့အတွက် ရေပမာဏ အများအပြားကို နှစ်ပေါက်အောင် သိုလှောင်နိုင်မယ့် ရေကန်ကြီးတွေ နည်းပါးပါတယ်။ ရာသီ မရွေး ရေသိုလှောင်ထားနိုင်တာဆိုလို့ ရှရှားကန်ကြီးတစ်ခုပဲ ရှိပါတယ်။ ကျန်တဲ့မြို့တွင်းက မြကန်သာရေကန်၊ ဂနိုင်ကန်အမှတ် (၁)/(၂)/(၃) တို့က ဆယ့်နှစ်ရာသီ ရေသိုလှောင်နိုင်ခြင်း မရှိပါဘူး။ မိုးရာသီ မိုးရွာချိန် ခဏလောက်သာ ရေ ရှိတတ်ကြပါတယ်။ မိုး ကုန်လို့ ဆောင်းဦး ပေါက်လောက်ရောက်ရင်တောင် မြို့တွင်းက ရေကန်တွေထဲမှာ ရေလက်ကျန် အတော်နည်းပြီလို့ သုံးသပ်ရမှာပါ။ သိသာထင်ရှားတဲ့ အချက်ကတော့ တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်အတွင်းက ဂနိုင်ရေကန် ၃ ခုကို ကြည့်ရင် သိနိုင်ပါတယ်။
.
ဂနိုင်ရေကန်အမှတ် (၂) နဲ့ (၃) က ရေထိန်းကန်တွေပါ။အမှတ် (၁)ကတော့ တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့ကို ရေပိုက်လိုင်းနဲ့ ရေပေးဝေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်လောက်နဲ့ အခုလက်ရှိ ဂနိုင်ကန်တွေရဲ့ အနေအထားက အတော်ကြီးကို ကွာခြားသွားပါပြီ။ ကျန်ခဲ့တဲ့ အချိန်ကာလ တစ်ခု ဂနိုင်ရေကန်အမှတ် (၁) ဟာ မြို့ပေါ်ရပ်ကွက်တွေကို ရေပေးနိုင်ရုံသာမက၊ အနီးအနား ရပ်ကွက်တွေကလည်း နွေရာသီတစ်လျှောက်လုံး ရေအိုးရေပုံး ကိုယ်စီနဲ့ ရေပြဿနာကို ဖြေရှင်းနိုင်ခဲ့တဲ့ အနေအထားပါ။ လက်ရှိ ဂနိုင်ရေကန်တွေရဲ့ အခြေအနေကတော့ တောင်ကြီးမြို့ပေါ် နေထိုင်သူ အများစု ဖြတ်သွားဖြတ်လာ လုပ်ရင်း မြင်ဖူးကြပါလိမ့်မယ်။
.
မိုးရာသီ မိုးကျချိန်က လွဲလို့ ရေကန်တွေထဲ ရေ မရှိတော့ပါဘူး။ ရေကန်တွေက မိုးတွင်း ရွာထားတဲ့ ရေတွေကို ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပါဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအထိ ဂနိုင်ရေကန်ဟာ သင်္ကြန်ကာလအတွင်း ရေကို လိုသလောက် အသုံးပြုလို့ ရနိုင်တဲ့အထိ ရှိနေခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်း နှစ်တွေမှာ ရေကန်တွေရဲ့ အနေအထားက ဆိုးဝါးလာပါတယ်။ လက်ရှိရေကန်ရဲ့ အခြေအနေက ရေကန်လို့ ပြောရမှာတောင် ခပ်ခက်ခက်ပါ။ မိုးတွင်းလောက်သာ ရှိပြီး ဆောင်းနှောင်းပိုင်းနဲ့ နွေရာသီဆို မြက်ခင်းပြင် သက်သက်။နွေရာသီဆို မြင်မကောင်း ရှုမကောင်း။ ရေကန်အရိပ်မှာနေထိုင်တဲ့ ကျေးငှက်သာရကာတောင် ရေသောက်စရာ မရှိတဲ့ အဖြစ်မျိုး။
.
အကြောင်းရင်းက တောင်ကြီးမြို့ရဲ့ သဘာဝပတ်ဝန်းကျင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကလို မဟုတ်တော့ဘူး။ ယိုယွင်းတာတွေ၊ ချွတ်ယွင်းတာတွေများလို့ ပျက်စီးခြင်းအပိုင်းကို အတော်ကြီး ခရီးရောက်နေပြီ ပြောရလိမ့်မယ်။ မြို့ အရှေ့ဖက် ရွှေဘုန်းပွင့် တောင်ကျောပေါ်မှာ အရင်လိုသစ်ပင်သစ်တောတွေ ထူထပ်ခြင်း မရှိတော့ဘူး။တိုးပွားလာတဲ့ လူနေအိမ်ခြေ လူဦးရေကြောင့်မြို့တွင်းက သစ်ပင် အတော်များများ စတေးလိုက်ကြရတယ်။ လက်ရှိအချိန်ထိ ထိန်းသိမ်းနိုင်မှု ကောင်းကောင်း လုပ်ဆောင်နိုင်ခြင်း မရှိကြသေး။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း မရှိဘဲ မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူ သုံးစွဲနေကြတယ်။ ရေရှည်အတွက် စဉ်းစားချင့်ချိန်စရာ။
.
လတ်တလော ကြုံတွေ့ ရမှာက မြန်မာနှစ်သစ်ကူးအချိန်အခါ ကာလ။ ကျန်ခဲ့တဲ့ ၂ နှစ်အတွင်းကျန်းမာရေး အခြေအနေ၊ နိုင်ငံအရေး အခြေအနေတွေကြောင့် ပြည်သူတွေ စိတ်ညစ်နွမ်းတာပြေပျောက်ဖို့ လာမယ့်နှစ်သစ်ကူးကို ခြိမ့်ခြိမ့်သဲပြုလုပ်မယ်လို့ အာဏာသိမ်း စစ်ကောင်စီက သတင်းစာ ရှင်းလင်းပွဲကနေ ပြောဆိုခဲ့တယ်လို့ ကြားသိရပါတယ်။ တစ်ဘက်မှာလည်း ရေမစိုသပိတ်နဲ့ တော်လှန်သင်္ကြန် လုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသမယ်လို့ ပြောဆိုနေကြပါတယ်။
.
လက်ရှိမှာတော့ မြို့တော်တောင်ကြီးက အိမ်တော်ဘေးမှာ မဏ္ဍပ်ကြီးတစ်ခု ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။ ရေ ရှားပါးတဲ့ တောင်ကြီးမြို့တော်မှာ အိမ်သုံးအတွက် ရေကား တစ်စီး မှာယူ သုံးစွဲရင် မြန်မာငွေ ၁ဝဝဝဝ ကျပ်ပတ်လည်။ ဒါတောင် လက်ရှိ သဘာဝပတ်ဝန်းကျင်ကို ဒီထက် ပျက်ယွင်းမှု မရှိအောင် ထိန်းသိမ်းထားနိုင်မှ ရေသောက်ဖို့ အတွက်တောင် မနည်း ရုန်းကန်နေရတဲ့အချိန် သင်္ကြန်ကာလ မြူးကြွကြဦးမယ်ဆိုရင်တော့ နောင်လာနောင်သား လူမမယ်လေးများကို ကြိုတင် အားနာသင့်ပါတယ်။
.
ဘယ်လိုပဲ ဖြစ်နေပါစေ။ ရေ မရှိတဲ့ ရေကန်ကြီးကတော့ ရေမစိုသပိတ် လုပ်ပြီး တော်လှန်သင်္ကြန်မှာ ပါဝင်ဖို့ အသင့်ပါပဲတဲ့။