တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အိမ်တော်အနီး လမ်းဆုံတွင် သင်္ကြန်မဏ္ဍပ် တစ်ခု တည်ဆောက်နေပြီး လုံခြုံရေး အစောင့်များလည်း ချထားသည်ဟု သိရသည်။
.
" လွှတ်တော် အပေါ်ဘက်၊ အစိုးရရုံးနဲ့ အိမ်တော် လမ်းဆုံ နားမှာ ဆောက်ထားတာ။ ဘာကြောင့်မှန်းတော့ မသိဘူး၊ လမ်းဘက်ကို ကျောခိုင်းပြီး ဆောက်ထားတာ။ လုံခြုံရေးတွေလည်း ချထားတယ်" ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။
.
လာမည့် ဧပြီလ ၁၃ ရက်တွင် စတင် ကျရောက်မည့် သင်္ကြန်ပွဲတော်ကို တောင်ကြီးမြို့၌ စည်ကားစွာ ကျင်းပရန် စစ်ကောင်စီက စီစဉ်နေသည်ဟု သိရသော်လည်း လက်ရှိတွင် မဏ္ဍပ် တစ်ခုသာ တွေ့ရသေးသည်ဟုလည်း ၎င်းက ဆိုသည်။
.
သင်္ကြန်လုံခြုံရေး ညှိနှိုင်း အစည်းအဝေးကို ရပခ ဒုတိုင်းမှူး ဦးဆောင်၍ ပြည်နယ်အစိုးရရုံး၌ ယမန်နေ့က ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စစ်ကောင်စီ၏ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်ဟု သိရသည်။