ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့၌ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က ပြည်သူ့နေအိမ် ၁၄ လုံးအား မီးရှို့ဖျက်စီးခဲ့ကာ လက်နက်ကြီး ထိမှန်မှုကြောင့် ဒီးမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော်မြို့နယ်တို့မှ ပြည်သူ့ နေအိမ်ပေါင်း ၈ လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။
ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) က ၂၀၂၂ ခုနှစ်၊ ဧပြီလ တတိယအပတ် တိုက်ပွဲသတင်း ထုတ်ပြန်ချက်အား ယမန့်နေက ကြေညာရာတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။
.
မိုးဗြဲမြို့၊ ဝါရီဆူးပလိုင်၊ ဝါရီကောခူကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီး၊ ဥခူရီကျေးရွာ၊ ဖရူဆိုနှင့်ဘောလခဲ နယ်စပ်ရှိ ထားလဲနှင့် နန်းဖဲစသည့် ဒေသတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပြီး စစ်ကောင်စီတပ်က လွိုင်ကော်မြို့ လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အပြင် ချိကယ်ရပ်ကွက် အတွင်း အသက် ၈ နှစ်အရွယ် ကလေးငယ် တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။
တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၆ ဦး သေပြီး အများအပြား ဒဏ်ရာ ရရှိကာ KNDF ဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ရကြောင်းနှင့် စစ်ကောင်စီတပ်သားများ စစ်ကြောင်းကို စွန့်ခွာထွက်ပြေးပြီး တပ်သားအချို့ ကရင်နီပူးပေါင်းတပ်ထံ ခိုလှုံလာခဲ့ကြကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည် တိုက်ပွဲကာလအတွင်း ၎င်းတို့ စခန်းချခဲ့သည့် နေရာများတွင် မြေမြှုပ်မိုင်း ထောင်ခဲ့မှုများ ရှိသည့်အတွက် ပြည်သူ့ ကာကွယ်ရေးတပ်များက မိုင်း ရှင်းလင်းရေးများကိုပါ လုပ်ဆောင်ခဲ့ရကြောင်းလည်း သိရသည်။