တာချီလိတ်မြို့ရှိ တော်ကော့(ပြင်) ဘုန်းကြီးကျောင်းအတွင်း လောင်းကစားပွဲတော် ကျင်းပခွင့် ပြုထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့ရှိ တော်ကော့(ပြင်) ဘုန်းကြီးကျောင်းအတွင်း လောင်းကစားပွဲတော် ကျင်းပခွင့် ပြုထား


ဗုဒ္ဓဘာသာ သာသနာကို စောင့်ရှောက်မည်ဟု ကြွေးကြော်ထားသည့် အာဏာသိမ်း စစ်ကောင်စီ၏ လက်ထက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ တော်ကော့(ပြင်)ဘုန်းကြီးကျောင်း အတွင်း၌  ယနေ့ ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့အထိ ရက်ရှည်ကြာ လောင်းကစားမျိုးစုံကို စစ်တပ်နှင့် နီးစပ်သူများက အပေးအယူများ ပြုလုပ်ပြီး တရားဝင်သဖွယ် ဖွင့်လှစ် ခွင့်ပြုပေးထားကြောင်း သိရသည်။

.

"ဘုန်းကြီးကျောင်းထဲ ပွဲ ရှိတယ်ထင်လို့ ဝင်သွားတာ၊ ပွဲတော့ပွဲပဲ လောင်းကစား ပွဲတော် ဖြစ်နေတယ်။ ကြိုက်တာတဲ့ဟာ ကစားရုံပဲ၊ ဂုံးဂင်းတွေ၊ ဖဲခုံတွေ၊ ငါးဂိမ်းခုံတွေ အစုံ ရှိတယ်။ ပုံ မရိုက်ရဆိုပြီး စာကပ်ထားတာတောင် တွေ့ခဲ့သေးတယ်။ နောက်ပြီး ကြီးမြတ်သောရွှေမြင်းမှ ဧည်သည်ယာဉ်များသာ ရပ်ရန်ဆိုပြီး သီးသန့်စာ ကပ်ထားတာလည်းတွေ့ရတယ်။"ဟု ဒေသခံ တစ်ဦးက ပြောသည်။


တော်ကော့(ပြင်) ဘုန်းကြီးကျောင်းအတွင်း၌ ဖွင့်လှစ်ခွင့်ပြုထားသည့် လောင်းကစား အရေအတွက်မှာ ဖဲခုံ ၁၀ ခုံကျော် ၊ ငါးဂိမ်းခုံ အနည်းဆုံး ၅ ခုံအထက်၊  ဂလုံး ဂလုံး(ဂုံးဂင်း) ၃၀ ကျော်၊  မာကျောက် ၂ ခုံ၊  အန်စာတုံး ၂ ခုံ နှင့် လောင်းကစားမဲများ ဖွင့်လှစ်ထားသည်ဟု သိရသည်။

.

အဆိုပါ လောင်းကစားလုပ်ငန်း လုပ်ကိုင်သူများသည် ဖဲခုံ တစ်ခုံလျှင် တစ်ရက် ဘတ် ၃၅၀၀ ၊  ဂလုံး ဂလုံး(ဂုံးဂင်း) တစ်ခုံလျှင် တစ်ရက် ဘတ် ၃၀၀၀ အမျိုးမျိုး ပေးရကာ ၁၀ ရက်တစ်ခါ လောင်းကစားပွဲတော် ကျင်းပသည့် ကော်မတီထံ ငွေပေးသွင်းရပြီး ကော်မတီကတဆင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်၏ စစ်ဗျူဟာနှင့် တိုင်းမှူးတို့အထိ အဆင့်ဆင့် ခွဲဝေကာ ဆက်ကြေး ပေးသွင်းရခြင်းဖြစ်ကြောင်းနှင့် ယခုကာလတွင် ရဲတပ်ဖွဲ့ထက် စစ်တပ်နှင့် ပို ရင်းနှီးလျှင် တရားမဝင် လုပ်ငန်းများကို လုပ်ချင်တာ လုပ်ခွင့်ရှိသည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။



"အခုလို အနေအထားမှာက ရဲတွေ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ပါမွှားပဲ။ တိုင်းမှူးတို့ ဗျူဟာမှူးတို့ကို ပိုင်ရင် ရပြီ။ ဒီမှာက သိတဲ့အတိုင်း တိုင်းမှူးလောက်အထိကို ပေါက်ပေါက်ရောက်ရောက် ရှိနေကြတော့ စစ်တပ်က အသုံးချတာထက် ဒီက လူတွေက စစ်တပ်ကို နည်းနည်းပါးပါး ပေးကမ်း စွန့်ကြဲပြီး ပြန် အသုံးချပြီး လုပ်စားကြတာမျိုးပေါ့။ 1G1 ဟိုတယ် အနီးနားက ကွင်းမှာဆိုရင်လည်း ခုလို လောင်းကစားဝိုင် ၂ နေရာ၊ ၃ နေရာလောက်ထိ ရှိတယ်။ ကြက်ဝိုင်းလည်း ရှိတယ်။ အရင်က ဒီလိုတွေ မရှိခဲ့ဘူး။ ခုတော့ အာဏာသိမ်းကာလမှာ ပိုများလာတယ်လို့ ပြောလို့ရနိုင်တယ်။ ထိုးသားတွေကလည်း ငွေလျှံသူတွေထက် အလယ်အလတ်စား လူတန်းစားတွေများသလို အောက်ခြေလူတန်းစားတွေလည်း တွေ့ရတယ်။ လူငယ်တွေကို လောင်းကစားနဲ့ပဲ အသက်မွေးဝမ်းကြောင်းနိုင်အောင် အသက်သွင်းနေသလိုပေါ့ဗျာ။"ဟု  အမည်မဖော်လိုသူ မြို့ခံတစ်ဦးက Tachileik News Agency သို့ ဧပြီလ ၁၃ ရက်တွင် ပြောသည်။

.

တော်ကော့(ပြင်)ဘုန်းကြီးကျောင်းအတွင်း၌ လောင်းကစား ပွဲတော်ကို ၂၀၂၂ ခုနှစ်၊မတ်လ ၁၆ ရက်မှ စတင်ခဲ့ပြီး တစ်လ ကျင်းပမည်ဟု လျာထားကြောင်း နှင့် တစ်လပြည့်ပါက အာခါဈေး အနီးရှိ ဘုန်းကြီးကျောင်းတွင် ကျင်းပရန် စီစဉ်ထားကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

Journal Download

Photo of three cats