စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၆၀၀၀၀ ကျော် ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၆၀၀၀၀ ကျော် ရှိ


ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်အာဏာသိမ်းသည့်နေ့မှ စ၍ ယခု ၂၀၂၂ နှစ်၊ ဧပြီလ ၁၁ ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ဘေးရှောင်နှင့် အခြား လုံခြုံရေး အခြေအနေများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၆၂၈၀၀ ကျော် ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UN OCHA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်းက မူဆယ်နှင့် နမ္မတူမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာ ပဋိပက္ခအခြေအနေများ တင်မာနေဆဲ ဖြစ်ပြီး အဆိုပါ တိုက်ပွဲများကြောင့် မူဆယ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ လူဦးရေ ၇၈၀ ခန့်သည် ပြီးခဲ့သည့် မတ်လကုန်ကတည်းက ယာယီစခန်း ၇ နေရာတွင် တိုက်ပွဲ ရှောင်နေကြရဆဲ ဖြစ်ကာ နမ္မတူမြို့နယ်တွင်လည်း လူဦးရေ ၂၅၀ ခန့် ယာယီ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။
.
ထို့အပြင် ရှမ်းပြည်နယ်အတွင်း တပ်သားသစ် အဓမ္မစုဆောင်းမှုများလည်း ရှိနေပြီး မိတ်ဖက်အဖွဲ့အစည်း များ၏ အစီရင်ခံစာများအရ ယခု ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ယနေ့အထိ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် တန့်ယန်းမြို့နယ်များတွင် အရပ်သား ၇၈ ဦး တပ်သားသစ် အဓမ္မ စုဆောင်းခံထားရကြောင်း UN OCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပြည်တွင်း နေရပ်စွန့်ခွာ နေထိုင်နေရသူပေါင်း ၉၁၂၇၀၀ ဦး ရှိနေပြီး ၎င်းတို့အနက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခနှင့် လုံခြုံရေးအခြေအနေ များကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူမှာ ၅၆၆၁၀၀ ဦး ပါဝင်ကြောင်း သိရသည်။

Journal Download

Photo of three cats