စစ်ဘေးရှောင် ပြည်သူများအား ကူညီပေးနေသည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာမှ လူငယ် ၂ ဦးကို စစ်ကောင်စီ လက်အောက်ခံ အဖွဲ့က ဖမ်းဆီးရန် လိုက်လံ ရှာဖွေနေကြောင်း သိရသည်။
.
" (မတ်လ) ၃၁ ရက်နေ့က စပြီး ရှာနေတာပါ။ သူတို့က မောင်နှမတွေပါ။ သူတို့ အမေကိုလည်း နေ့တိုင်း လာစစ်ပါတယ်၊ နေ့တိုင်းလည်း လာရှာနေပါတယ်။ သူတို့က သာမန် အရပ်သားပြည်သူတွေပါ။" ဟု ဆီဆိုင်မြို့နယ်မှ ဒေသခံ တစ်ဦးက ပြောသည်။
.
၎င်းတို့သည် စစ်ဘေးရှောင် ပြည်သူများအား ကူညီပေးနေသူများ ဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်မှုကြောင့် ဖမ်းဆီးရန် ရှာဖွေခြင်း ဖြစ်နိုင်ကြောင်းနှင့် လက်ရှိတွင် ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ၎င်းက ဆိုသည်။
.
တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များသည် အပြစ်မဲ့ ပြည်သူများအား အကြောင်း အမျိုးမျိုးပြ၍ ဖမ်းဆီးနေလျက်ရှိရာ ယခု ရက်သတ္တပတ်အတွင်း ၈၀ ဦးခန့် ထက် မနည်း မတရား ဖမ်းဆီးခံခဲ့ကြရသည်။