တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အိမ်တော်လမ်းဆုံတွင် ပြုလုပ်ထားသည့် ဗဟိုမဏ္ဍပ်၌ သင်္ကြန်ယိမ်းအဖွဲ့ ၂၁ ဖွဲ့ ဖျော်ဖြေမည်ဟု သိရသည်။
.
တောင်ကြီးမြို့၏ အထင်ကရနေရာ ဖြစ်သည့် မြို့မဈေး၌ ဗဟိုမဏ္ဍပ်ကို နှစ်စဉ် တည်ဆောက်၍ မြို့ခံပြည်သူများဖြင့် ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်မည့် သင်္ကြန်တွင်မူ စစ်ကောင်စီ (ပြည်နယ်အစိုးရ) ရုံး အနီး၊ အိမ်တော်လမ်းဆုံသို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။
အဆိုပါ မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)၊ ညနေ ၅ နာရီတွင် ပြုလုပ်မည် ဖြစ်ပြီး အစမ်း လေ့ကျင့်မှုကို ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။