တောင်ကြီးသင်္ကြန် ဗဟိုမဏ္ဍပ် ဖွင့်ပွဲ/ပိတ်ပွဲအတွက် ရပ်ကွက်အလိုက် နယ်မြေတစ်ခုလျှင် ၂၅ ဦးစီ ခေါ်ယူထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးသင်္ကြန် ဗဟိုမဏ္ဍပ် ဖွင့်ပွဲ/ပိတ်ပွဲအတွက် ရပ်ကွက်အလိုက် နယ်မြေတစ်ခုလျှင် ၂၅ ဦးစီ ခေါ်ယူထား


တောင်ကြီးမြို့ ဗဟိုမဏ္ဍပ် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားအတွက် မြို့ပေါ် ရပ်ကွက်များအလိုက် နယ်မြေ တစ်ခုလျှင် ၂၅ ဦးစီ တက်ရောက်ရန် ခေါ်ယူထားသည်ဟု သိရသည်။

.

" အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် ရပ်ကွက်အလိုက် နယ်မြေ တစ်ခုစီကနေ လူ ၂၅ ယောက်တောင်းတယ်။ ခေါ်တာကတော့ သကြႅန် လည်ဖို့ လို့ပဲ ပြောတယ်ဗျ။ ဖိတ်စာမှာတော့ ဗဟိုမဏ္ဍပ် ဖွင့်ပွဲ/ပိတ်ပွဲလို ပါတယ်။ ရပ်ကွက်က ၂၂ ရပ်ကွက်ဗျာ၊ တစ်ရပ်ကွက်မှာ နယ်မြေက ၁၅ ခုလောက်စီ ရှိတယ်။ စည်တယ်ဆိုတာ ပြ ချင်တဲ့ သဘော ဖြစ်မယ်။ " ဟု မြို့ပေါ် ရပ်ကွက် တစ်ခုမှ နယ်မြေမှူး တစ်ဦးက ပြောသည်။

.

အဆိုပါ ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်၊ ညနေ ၅ နာရီတွင် လည်းကောင်း၊ ပိတ်ပွဲကို သင်္ကြန်အတက်နေ့ ဖြစ်သည့် ဧပြီလ ၁၆ ရက်၊ ညနေ ၅ နာရီတွင်လည်းကောင်း ပြုလုပ်မည် ဖြစ်ပြီး ညနေ ၄ နာရီခွဲအရောက် နေရာယူရန် ခေါ်ယူထားသည်ကို တွေ့ရသည်။

.

ထို့အတူ ဌာနဆိုင်ရာနှင့် အခြား သင်္ကြန်ယိမ်း အဖွဲ့များကိုလည်း ဖျော်ဖြေရန် ခေါ်ယူထားကြောင်းနှင့် မဏ္ဍပ် လုံခြုံရေးအတွက် တင်းကြပ်ထားသည်ဟုလည်း သိရသည်။

" အိမ်တော်ဝန်းထောင့်မှာ ကင်း‌မျှော်စင် အခိုင်အမာ ဆောက်ထားတယ်။ ရဲကင်းတဲလည်း ရှိတယ်။ သတိထားရအောင် ပြောတာပါ။ " ဟု မဏ္ဍပ်လုံခြုံရေး တစ်ဦးက ပြောသည်။

မကြာမီ ကျရောက်တော့မည့် သင်္ကြန်ပွဲတော် စည်ကားစေရန် အာဏာသိမ်း စစ်ကောင်စီဘက်က စီစဉ်နေသကဲ့သို့၊ အာဏာသိမ်းမှု ဆန့်ကျင်သူ ပြည်သူများကလည်း ကျဆုံးသူများနှင့် ဖမ်းဆီးခံထားရသူများအား ငဲ့ညှာသည့် အနေဖြင့် စစ်ကောင်စီ ဦးဆောင်မည့် သင်္ကြန်ပွဲတော်ကို ပါဝင် ဆင်နွှဲခြင်း မပြုရန်  နှိုးဆော်ထားသည်။

Journal Download

Photo of three cats