ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ် ကျောက်မီးသွေးလောင်စာသုံး ရေနွေးငွေ့ဓါတ်အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများ ရှိသည်ဟုဆိုကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင် အပါအဝင် ၆ ဦးကို စစ်ကောင်စီက အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။
.
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုတို့သည် တီကျစ်ကျောက်မီးသွေး အကြီးစားထုတ်လုပ်မှုအပေါ် နိုင်ငံတော်မှ ၃၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိကမှ ၇၀ ရာခိုင်နှုန်းဖြင့် ခွဲဝေခံစားသည့် လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်သို့ ပေးသွင်းသည့် ဓာတ်သတ္တုခွန် ၂ ရာခိုင်နှုန်းကို နှစ်အလိုက် ပြင်ဆင်ကောက်ခံရမည်ဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပ ပြုလုပ်သည့် ဝန်ကြီးဌာနစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ၁/၂၀၁၇ ဆုံးဖြတ်ချက်အတိုင်း ကျောက်မီးသွေး ထုတ်လုပ်မှု တစ်တန်ရောင်းဈေး ငွေကျပ် ၁၂၀၀၀ နှုန်းအပေါ်တွင်သာ တွက်ချက် ကောက်ခံခဲ့သောကြောင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ နှစ်အလိုက် ထုတ်လုပ်သည့် ကျောက်မီးသွေး တန်ချိန် ၂၃ သိန်းကျော်အတွက် ဓာတ်သတ္တုခွန် ငွေကျပ်သန်း ၁,၉၀၀ ကျော်နှင့် နိုင်ငံတော်မှရရှိမည့် ထုတ်လုပ်မှုအချိုး ၃၀ ရာခိုင်နှုန်းအပေါ် ငွေကျပ်သန်း ၁၄၀၀၀ ကျော် လျော့နည်း ရရှိခဲ့ပြီး နိုင်ငံတော်မှ စုစုပေါင်း ငွေကျပ်သန်း ၁၅၉၀၀ကျော် နစ်နာမှု ဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ဆန်းနှင့် ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာ ထွန်းနိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ဧပြီလ ၂၅ ရက်က အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် မတ်လအတွင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ကိုဇေသီဟ တို့ကို စစ်ကောင်စီက အမှုဖွင့် ဖမ်းဆီးခဲ့ပြီးနောက် ယခုအခါ အခြားစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးချစ်ခိုင် ထပ်မံ ဖမ်းဆီးခံရခြင်းဖြစ်သည်။
.
ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်သော ဦးချစ်ခိုင်သည် ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်သုံးဆီ လုပ်ငန်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင် စသည့် ကုမ္ပဏီပေါင်းများစွာ ပိုင်ဆိုင်သည့် ခရိုနီ တစ်ဦးလည်းဖြစ်သည်။
.
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ လရောင်တော စီမံကိန်းတွင် အသုံးပြုသည့် သစ်များနှင့် ပတ်သက်၍ နိုင်ငံတော်က ကျပ်ငွေ သိန်း ၁၀၀ ကျော် ဆုံးရှုံးနစ်နာခဲ့သည် ဟုဆိုကာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ကောင်စီ၏ တရားစွဲဆိုခံထားရသူလည်း ဖြစ်သည်။