စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MBPDF)မှ တပ်ဖွဲ့ဝင်ကို ရင်ဝတွင် ဓါးစိုက်ရာဖြင့် သေဆုံးလျက် တွေ့ရှိရသည်ဟု MBPDF က ထုတ်ပြန်သည်။
.
" ဖမ်းဆီးခံရသော MB PDF မှရဲဘော်သည် အင်မတန် ဆိုးဝါးလှသည့် စစ်ဆေးမှုအချိန်ကို ရင်ဆိုင်ခဲ့ရကာ မသေမချင်း နှိပ်စက်ခဲ့သည့် အချိန်ကို ရင်နင့်စွာ ဖြတ်ကျော်ခဲ့ရပါသည်။ ကျွန်ုပ်တို့၏ ရဲဘော်ကို ပြန်လည်တွေ့ရှိရသည့် အချိန်သည် ရင်ဝ ဓားစိုက်ရာဖြင့် ကျဆုံးနေသည်ကို တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။ " ဟု MBPDF က မတ်လ ၇ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ PDF တပ်ဖွဲ့ဝင်သည် မိုးဗြဲ၊ လွယ်ယင်းမင်္ဂလာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို စစ်မြေပြင်ကျင့်ဝတ်နှင့် အညီ စောင့်ရှောက် ကျင့်သုံးလျက် ရှိပြီး မတ်လ ၆ ရက်က ဒီးမော့ဆိုမြို့နယ်၌ ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ဆေးကုသမှု ပေး၍ ကရင်နီပြည်ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့သည်။