သီပေါမြို့နယ်၊ စောင်ကြဲရွာ အနီး၌ လက်နက်ခဲယမ်းနှင့် ရိက္ခာပစ္စည်းများ သယ်ယူ ပို့ဆောင်နေစဉ် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့သဖြင့် PDF တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ကြောင်း ရှမ်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ မတ်လ ၁၈ ရက်၊ ညပိုင်းတွင် ထုတ်ပြန်သည်။
.
ရှမ်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင် တာ၀န်ခံ အပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦးသည် မဟာမိတ်ညီနောင် တပ်ဖွဲ့များနှင့် အတူ အရေးပေါ် လိုအပ်နေသည့် လက်နက်ခဲယမ်းများနှင့် အခြားသော ရိက္ခာပစ္စည်းများအား ပြီးခဲ့သည့် မတ်လ ၁၅ ရက်က သီပေါမြို့နယ်၊ စောင်ကြဲရွာအနီး၌ သယ်ယူပို့ဆောင်နေစဉ် စစ်ကောင်စီတပ်က အင်အား ၅၀ ကျော်ခန့် ဖြင့် ၀င်ရောက်စီးနင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ပွဲအတွင်း ရှမ်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၃ ဦး၊ မဟာမိတ်ညီနောင်တပ်ဖွဲ့မှ ၂ ဦး ၊ စုစုပေါင်း တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ရပြီး ခေါင်းဆောင် အပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ ဒဏ်ရာ ရရှိထားသည့် တာဝန်ခံ ခေတ္တအနားယူနေစဥ် ကာလအတွင်း ရှမ်းပြည်နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၏ ဒုတပ်ရင်းမှူး U Sia Hlain က တော်လှန်ရေးလုပ်ငန်းများကို ဆက်လက်၍ ထမ်းဆောင်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
.
ထို့အပြင် ရှမ်းပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ဆေးဝါး အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသောကြောင့် ပြည်သူများ အနေဖြင့် @SSPDF2 (Telegram account) သို့ ဆက်သွယ်ကူညီထောက်ပံ့ပေးကြရန် မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။