စစ်ရေးလှုပ်ရှားမှု ရပ်စဲကြောင်း ကြေညာထားသည့် စစ်ကောင်စီက MNDAA တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

စစ်ရေးလှုပ်ရှားမှု ရပ်စဲကြောင်း ကြေညာထားသည့် စစ်ကောင်စီက MNDAA တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်

စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၂ နှစ်ကုန်ထိ ရပ်စဲကြောင်း ကြေညာထားသည့် စစ်ကောင်စီ သည် မြန်မာအမျိုးသား  ဒီမိုကရက်တစ်  မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA) တပ်စခန်းကို မတ်လ ၁ ရက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

.

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၂၄ ရက်မှ စတင်၍ စစ်ယာဉ် အစီး ၄၀ ကျော်ခန့်ဖြင့် ကွတ်ခိုင်ဒေသဘက်သို့ စတင် ဝင်ရောက်လာခဲ့ပြီး မုံးကိုး‌ဒေသ၌ အင်အား တိုးချဲ့ကာ မတ်လ ၁ ရက်၊ နံနက် ၆ နာရီခွဲခန့်တွင် အင်အား ၈၀ ကျော်ခန့်ဖြင့် မန်ကျယ်ဒေသ အနောက်ဘက်တောင်ကုန်းရှိ ကိုးကန့် (MNDAA) ၏ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်ဟု The Kokang က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

စစ်ကောင်စီတပ်သည် MNDAA ၏ မန်းရန်တပ်စခန်းကို လက်နက်ကြီးများဖြင့် မရပ်မနား ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ပစ်ခတ်သောလက်နက်ကြီး ကျည် စုစုပေါင်း ၈၀ ကျော်ခန့် ရှိပြီး စက်သေနတ်ဖြင့် လည်း ပစ်ခတ် တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

.

ကိုးကန့် (MNDAA) သည် ဦးဖုန်ကြားရှင်၏ စျာပန အခမ်းအနား ကျင်းပနေစဉ် ဦးစွာ စစ်ရေး လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ရှောင်ခဲ့သော်လည်း စစ်ကောင်စီ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် မဖြစ်မနေ ခုခံ တိုက်ခိုက်ခဲ့ရသည်ဟုလည်း ထုတ်ပြန်ထားသည်။

.

အာဏာသိမ်း စစ်ကောင်စီသည် တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိစေရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၂ နှစ်ကုန်ထိ ရပ်စဲကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

.

ယင်းသို့ ကြေညာထားသော်လည်း စစ်ရေး ရပ်ဆိုင်းမှုနှင့် ဆန့်ကျင်ဘက် အဖြစ် ကိုးကန့် (MNDAA) ၏ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည့်အတွက် စစ်ကောင်စီ၏ ကြွေးကြော်သော အပစ်အခတ် ရပ်ဆိုင်းရေးသည် ဗလာသာ ဖြစ်ပြီး ယခင်နည်းတူ အကျိုးသက်ရောက်မှု မရှိကြောင်း MNDAA က ထုတ်ပြန်ခဲ့သည်။

Journal Download

Photo of three cats