စားနပ်ရိက္ခာဆိုင်ရာ စီမံမှု အထူးပန်ကြားလွှာကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ယနေ့ မတ်လ ၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
.
ကရင်နီပြည်နယ်အတွင်း၌ ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်မှ ဖေဖော်ဝါရီလ ၂၀ ရက်အတွင်း စစ်ရေးဆိုင်ရာ ထိတွေ့တိုက်ပွဲများကြောင့် လူဦးရေ စုစုပေါင်း ၁၇၀၀၀၀ ထက် မနည်းသော ပြည်သူများ စစ်ဘေးရှောင်ဘ၀အဖြစ် ထွက်ပြေး ခိုလှုံလျက် ရှိနေရာ လူသားချင်းဆိုင်ရာ စာနာ ထောက်ထားမှု လွှမ်းခြုံနိုင်မှု ယခင်ကာလထက် ပိုမို ကြပ်တည်းလာသည့်အပြင် ၂၀၂၂ နှစ်ဦးပိုင်းကာလ ထောက်ပံ့မှုများ ပိုမို လျော့နည်းလာသည်ကို တွေ့ရှိရသည်ဟု KSCC ၏ ကြေညာချက်အရ သိရသည်။
.
လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူ အများအစုသည် မိမိတို့၏ နေအိမ်ကျေးရွာများမှ အလျှင်စလို စွန့်ခွာ ထွက်ပြေးရသဖြင့် စားနပ်ရိက္ခာနှင့် အိမ်သုံးပစ္စည်း အနည်းငယ်သာ ယူဆောင်၍ ယာယီ စစ်ရှောင်စခန်းများတွင် ရပ်တည်နေကြရကြောင်းနှင့် ပြည်သူလူထု အချင်းချင်း အချိန်ကာလ အတန်ကြာသည်အထိ ရိုင်းပင်း ပံံ့ပိုးကူညီကြသည်ကို သိရှိဂုဏ်ယူအပ်ကြောင်း KSCCက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
.
သို့ဖြစ်၍ ပြည်သူများ၊ စစ်ဘေးရှောင်များ အနေဖြင့် စားနပ်ရိက္ခာ စာရင်းများ ပြုစုထားရန်နှင့် ဆန်၊ စပါး၊ ပြောင်း၊ ပဲအမျိုးမျိုးတို့အား စနစ်တကျ စုဆောင်းသိုလှောင်ထားရန်၊ ၃ ရက်စာ ဆန်၊ ဆီ၊ ဆားနှင့် အခြေခံ ဆေးဝါးများအား စနစ်တကျ ထုတ်ပိုး စုဆောင်းထားရန်၊ ပြည်သူ အချင်းချင်း မျှဝေမှုဖြင့် ကနဦး စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကြားကန်ပေးရန် ကို စားနပ်ရိက္ခာဆိုင်ရာ အစီအမံအတွက် အကြံပြုချက်များ အဖြစ် KSCC က ပန်ကြားထားသည်။
.
ထို့အပြင် စားနပ်ရိက္ခာ ပြတ်တောက်ပါက နီးစပ်ရာ ကျေးရွာကော်မတီနှင့် စစ်ဘေးရှောင် စခန်းကော်မတီများထံ ချက်ခြင်း အကြောင်းကြားရန် ၊ သက်ကြီးရွယ်အို နာမကျန်းလူနာ၊ ၁၆နှစ်အောက် ကလေးငယ်များ ကိုယ်ဝန် ဆောင်မိခင်နှင့် နို့တိုက်မိခင်များကို ဦးစားပေးရန်၊ ဆန်ရေစပါး အများအပြား အသုံးပြုရသည့် မည်သည့် မွေးမြူရေးလုပ်ငန်းနှင့် သရေစာထုတ်ကုန်လုပ်ငန်းများအား ရပ်ဆိုင်းရန်ကိုလည်း ပန်ကြားထားသည်။