ကော့ကရိတ်-မြဝတီ လမ်းမကြီးနှင့် မြဝတီ-ဝေါ်လေ လမ်းမကြီးများအား အသုံးပြု၍ ယာဉ်များ ဖြတ်သန်း သွားလာခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းများကို မတ်လ ၂၇ ရက်မှ စတင်၍ ယာယီရပ်ဆိုင်းထားရန် KNU ၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အလုပ်အမှုဆောင်ကော်မတီက ယနေ့တွင် ထုတ်ပြန်သည်။
.
ကော့ကရိတ်တောင်ပိုင်းနှင့် လေးကေ့ကော်ဒေသများတွင် စစ်ကောင်စီတပ်များ လာရောက် တပ်စွဲကာ ပြည်သူလူထု၏ ဘဝ ရပ်တည်မှုအား နှောက်ယှက်နေမှုများကို ရပ်ဆိုင်းနိုင်ရေး အသိပေးခဲ့သော်လည်း အလေးမထားသည့် အပြင် တပ်အင်အား တိုးချဲ့နေခြင်းကြောင့် နည်းမျိုးစုံဖြင့် တုံ့ပြန်ရတော့မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
.
စစ်ကောင်စီသည် အဆိုပါ ကော့ကရိတ်-မြဝတီ လမ်းမကြီးနှင့် မြဝတီ-ဝေါ်လေ လမ်းမကြီးများကို အသုံးပြု၍ ဒူးပလာယာခရိုင်နှင့် တပ်မဟာ(၆) နယ်မြေ အတွင်းသို့ တပ်အင်အားများ ပို့ဆောင်နေခြင်း ဖြစ်သည်ဟု သိရသည်။
.
ပြည်သူလူထု၏ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များနှင့် လိုအပ်ချက်များကို နားလည်ကြောင်းနှင့် စစ်ကောင်စီ အနေဖြင့်ပြည်သူလူထု၏ လိုအပ်ချက်ကို ခုတုံးလုပ် အကာအကွယ်ယူ၍ အမြတ်ထုတ်နေမှုအား ကာကွယ်ရန် ပြည်သူများမှ ပူးပေါင်းပါဝင် ကူညီပေးရန် မေတ္တာရပ်ခံထားသည်ကိုလည်း တွေ့ရသည်။