ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေ အတွင်း၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် အာဏာသိမ်းစစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) တို့အကြား ထိတွေ့ ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၂၉၈ ကြိမ် ဖြစ်ပွားခဲ့သည်ဟု KNU က ယနေ့ မတ်လ ၆ ရက်တွင် ထုတ်ပြန်သည်။
.
အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ် နှင့် BGF တို့ဘက်မှ ၃၀၅ ဦး သေဆုံး၍ ၂၀၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ KNLA နှင့် KNDO တို့ဘက်မှာ ၆ ဦး ကျဆုံး၍ ၂၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် စစ်ကောင်စီ၏ ကား ၃၅ စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက် အရ သိရသည်။
.
အာဏာသိမ်း စစ်ကောင်စီတပ်နှင့် BGF တို့သည် ပြည်သူများ နေထိုင်ရာ ကျေးရွာနှင့် လုပ်ငန်းခွင်များ အတွင်းသို့ လက်နက်ကြီးဖြင့် အလုံး ၄၀၀ ကျော် ပစ်ချခဲ့သည့်အပြင် မူတြော်ခရိုင် တပ်မဟာ (၅) အတွင်းသို့ လေယာဉ်ဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ ၇ ဦး သေဆုံး၍ ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ ထိုးစစ်ဆင် စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်သဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ကေအဲန်ယူ - ဒူးသထူခရိုင် ၊ ညောင်လေးပင်ခရိုင် ၊ ဘိတ်/ထားဝယ်ခရိုင် ၊ မူတြော်ခရိုင် နှင့် ဒူးပလာယာခရိုင်မှ အရပ်သား ပြည်သူလူထု စုစုပေါင်း ၇၀၀၀၀ ကျော် နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။