ကရင်နီ (ကယား) ပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၌ မတ်လ တတိယပတ်အတွင်း ပြည်သူ့ ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၇ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကထုတ်ပြန်သည်။
.
ကရင်နီပြည်နယ်ရှိ ဖရူဆို၊ ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ကရင်နီတပ်မတော် (KA) နှင့် KNDF တို့သည် ဖရူဆိုမြို့နယ် အခြေစိုက် ခမရ(၅၃၁)တပ်ကို မတ်လ ၁၇ ရက်တွင် လည်းကောင်း၊ မတ်လ ၁၈ ရက်တွင် ဖရူဆိုမြို့မရဲစခန်းနှင့် ခမရ (၅၃၁)တပ်အား တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု သိရသည်။
.
ထို့အတူ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီး ဝါရီဆူးဖလိုင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KNDF တို့ မတ်လ ၁၈ ရက်တွင် လည်းကောင်း၊ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာလမ်းခွဲအနီးရှိ စစ်ဆေးရေးဂိတ်အနီး၌ စစ်ကောင်စီတပ်နှင့် KA ၊ KNDF တို့ မတ်လ ၁၉ ရက်တွင် လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ထို့အပြင် လွိုင်ကော်မြို့နယ် လွယ်တမူ ကျေးရွာအနီး အဝေးပြးလမ်းတွင် KA ၊ KNDF နှင့် စစ်ကောင်စီတပ်တို့ မတ်လ ၂၁ ရက်တွင် လည်းကောင်း၊ ဒီးမော့ဆို နန်းမယ်ခုံမြို့အနီး နန့်စံခန်းရွာ၌ KNDF နှင့် စစ်ကောင်စီတပ်တို့ မတ်လ ၂၂ ရက်တွင် လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။
.
စစ်ကောင်စီတပ်များသည် လက်ရှိတွင် ဒီးမော့ဆိုမြို့နယ် နောင်ပုလဲနှင့် ဆိုဘာသဲကျေးရွာများသို့ ရောက်ရှိနေပြီး တာဝေးပစ် အမြောက်များ၊ ဒုံးများဖြင့် တိုက်ခိုက်မှုများအပြင် တပ်အင်အား ဖြည့်တင်းနေသည်ဟုလည်း KNDF က ထုတ်ပြန်သည်။