မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းနှင့် နည်းပညာ အကူအညီပေးခြင်းများ ရပ်တန့်ရန် EU အပါအဝင် နိုင်ငံပေါင်း ၂၀ တောင်းဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းနှင့် နည်းပညာ အကူအညီပေးခြင်းများ ရပ်တန့်ရန် EU အပါအဝင် နိုင်ငံပေါင်း ၂၀ တောင်းဆို


မြန်မာစစ်တပ်အား စစ်လက်နက်ပစ္စည်းကိရိယာများ၊ အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာများ ရောင်းချခြင်း၊ လွှဲပြောင်း‌ပေးအပ်ခြင်း၊ နည်းပညာအကူအညီပေးခြင်းများ ရပ်တန့်ခြင်းဖြင့် မြန်မာပြည်သူများကို အားပေးထောက်ခံရန် EU အပါအဝင် နိုင်ငံပေါင်း ၂၀ က တောင်းဆိုသည်။

.

ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နှင့် အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား၊ ကနေဒါ၊ ဂျော်ဂျီယာ၊ အိုက်စ်လန်၊ လက်ချင်စတိန်း၊ မာရှယ်အိုင်လန်၊ မက်ခရိုနီးရှား၊ မွန်တီနီဂရိုး၊ နယူးဇီလန်၊ မက်ဆီဒိုးနီးယား (မြောက်)၊ နော်ဝေး၊ ပလောင်း၊ ကိုရီးယား၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများက ယနေ့ မတ်လ ၂၇ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။


"ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် A/RES/75/287 နှင့်အညီ မြန်မာနိုင်ငံသို့ စစ်လက်နက် ပစ္စည်းကိရိယာများ၊ အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာများ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ နည်းပညာအကူအညီပေးအပ်ခြင်းများ ရပ်တန့်ခြင်းဖြင့် မြန်မာပြည်သူများကို အားပေးထောက်ခံကြရန် နိုင်ငံအားလုံးကို မိမိတို့ တိုက်တွန်းပါသည် " ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

.

ယနေ့ ကျရောက်သည့် တပ်မတော်နေ့ (ယခင်နှစ် ယခုလိုနေ့) တွင် အနည်းဆုံး လူ ၁၀၀ ခန့် သတ်ဖြတ်ခံခဲ့ရခြင်း အပါအဝင် ကုန်လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း သတ်ဖြတ်ခံရသောသူများနှင့် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများကို မိမိတို့ အမှတ်ရမိသည်ဟုလည်း ဖော်ပြထားသည်။

.

မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ပို့ဆောင်ရန် အဆိုပါနိုင်ငံများက ထပ်မံတောင်းဆိုထားသည်ကိုလည်း တွေ့ရသည်။

Journal Download

Photo of three cats