ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြိုနယ်၌ ယမန့်နေ့ မတ်လ ၅ ရက်က တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF) က ထုတ်ပြန်သည်။
.
ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲ ကျေးရွာနှင့် ဒေါနော်ကူး ကျေးရွာအကြား စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို DMO-Local PDF နှင့် KGZ တပ်တို့ ပူးပေါင်း၍ လည်းကောင်း၊ ငွေတောင်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို DMO-Local PDF ၊ ဒေသတွင်း မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ၊ CTU နည်းပညာလက်ရုံးတပ် နှင့် အခြားတော်လှန်ရေးတပ်များ ပူးပေါင်း၍ လည်းကောင်း ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ၃၅ ဦးထက် မနည်း သေဆုံးခဲ့ပြီး DMO-Local PDF မှ ၄ ဦး ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် CTU နည်းပညာ လက်ရုံးရေးတပ်မှ ဒရုန်း တစ်စင်း ထိမှန် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ည ၉ နာရီ ဝန်းကျင်ခန့်တွင် အပြစ်မဲ့ ပြည်သူများ ရှိရာသို့ တာဝေးပစ် အမြောက်များဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။