စစ်ကောင်စီတပ်၊ လက်ရုံးတပ်တစ်ခု၌ တာဝန်ထမ်းဆောင်နေသည့် စစ်အင်ဂျင်နီယာကျောင်းဆင်း ဗိုလ်ကြီးတစ်ဦး CDM ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
အဆိုပါ CDM ဗိုလ်ကြီးသည် စစ်ကောင်စီတပ်ကို စွန့်ခွာကာ ပြီးခဲ့သည့် မတ်လ ၃ ရက်တည်းက ပြည်သူဘက်သို့ ကူးပြောင်းလာပြီး လက်ရှိတွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိပြီ ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
“ပြည်သူလူထုကို အားနာမိလို့ CDM ပြုလုပ်ဖို့ မနှစ်ကတည်းက အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ပြည်သူတွေအပေါ်နဲ့ တပ်မတော်သားတွေအပေါ်ရော တကယ်ကို တရားမျှတမှု မရှိပါဘူး။ ဒါကြောင့် တော်လှန်ရေးမှာ ပါဝင်ဖို့ စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့ပါပြီ။ ပြည်သူအားလုံး ပါဝင်နေလို့ ဒီတော်လှန်ရေးဟာ မုချအောင်မြင်မယ်ဆိုတာ သိပါတယ်။ ရှေ့ဆက်ပြီး ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့အတူ တတ်စွမ်းသမျှ တော်လှန်ရေးမှာ ပါဝင်သွားပါ့မယ်။” ဟု CDM ဗိုလ်ကြီး က ပြောသည်။
.
စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် စစ်တပ်ကို စွန့်ခွာကာ ပြည်သူလူထုဘက် ရပ်တည်၍ CDM ပြုလုပ်ခဲ့သည့် စစ်သားနှင့် ရဲ ၈၀၀၀ ကျော် ရှိပြီဟု ပြည်သူ့ရင်ခွင်အဖွဲ့က ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ထားပြီး ယင်းတို့အနက် ဒုတိယဗိုလ်မှူးကြီးများလည်း ပါဝင်ကြောင်း သိရသည်။