ပြည်သူဘက် ရပ်တည်ရန် အချိန်တန်နေပြီ ဖြစ်ပြီး လက်ကမ်းကြိုနေသော ပြည်သူများ ရှိနေသည်ဟု CDM တပ်ရင်းမှူး ​ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ပြည်သူဘက် ရပ်တည်ရန် အချိန်တန်နေပြီ ဖြစ်ပြီး လက်ကမ်းကြိုနေသော ပြည်သူများ ရှိနေသည်ဟု CDM တပ်ရင်းမှူး ​ပြော

လက်ရှိ အချိန်သည် စစ်ကောင်စီလက်အောက် ဆက် လက် ရပ်တည်မည်လား၊ ပြည်သူလူထုဘက် ရပ်တည်မည်လား ဆိုသည်ကို ဆုံးဖြတ်ရန် အချိန်တန်နေပြီ ဖြစ်ပြီး ပြည်သူဘက် ရပ်တည်မည်ဆိုပါက နွေးထွေးသည့် ခံစားမှုကို ပေးမည့် ပြည်သူများ၊ လက်ကမ်းကြိုနေသော ပြည်သူများ ရှိနေသည်ဟု CDM တပ်ရင်းမှူး က ပြောဆိုခဲ့သည်။


အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် ခမရ (၃၅၁) တပ်ရင်မှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း သည် ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဗိုလ်ကြီး ညီသုတနှင့် တွေ့ဆုံမေးမြန်းမှုတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

.

ပြည်သူလူထုကို ပြန်လည် သတ်ဖြတ်နေသည့် လုပ်ရပ်များကြောင့် စစ်တပ်က ဂုဏ်သိက္ခာ မရှိတော့သည်ကို လက်ရှိ တာဝန်ထမ်းဆောင်ဆဲ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ ရာခိုင်နှုန်းက သိရှိနေပြီ ဖြစ်ကြောင်းကိုလည်း ၎င်းက ပြောဆိုခဲ့သေးသည်။

.

“ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေရတာ အရင် စစ်သားပေါ့။ စစ်သားဘ၀တုန်းက သူပုန်နဲ့ တိုက်နေရတဲ့ အနေအထားမျိုး မဟုတ်တော့ဘူး။ ပြည်သူနဲ့ ပြန်တိုက်ပြီးတော့ အရင်ကတော့ စစ်သား။ အခု သူပုန်ဖြစ်နေတဲ့ အနေအထားမျိုးတွေပေါ့” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။

.

အာဏာ သိမ်းလိုက်ခြင်း၏ အကျိုးဆက်ကြောင့် စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင် နေသူတိုင်းသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူတရပ်လုံး၏ ခုခံတော်လှန်စစ်ကို ရင်ဆိုင်နေရပြီး ပြည်သူလူထု၏ ရန်သူဖြစ်နေကာ ဆွေမျိုး၊ မိသားစုဝင်များ အပါအဝင် အသက်အန္တရာယ်ကို နေ့စဉ်နှင့်အမျှ စိုးရိမ်နေရကြောင်း CDM တပ်ရင်းမှူး၏ ပြောဆိုမှုအရ သိရသည်။

.

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းအနေဖြင့် ပြည်သူ့လူထုဘက် ကူးပြောင်းရပ်တည်လာခြင်း၏ အဓိက တွန်းအားမှာ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေယာဉ် ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ဖြစ်ပြီး ဆက်လက် တာဝန်ထမ်းဆောင်ပါက သေလျှင်လည်း ပြည်သူ့ကျိန်စာ တိုက်ခြင်းကို ခံရမည်ဖြစ်ကာ ယခု ပြည်သူလူထုဘက် ကူးပြောင်းလာခြင်းကြောင့် ပြည်သူ့မေတ္တာ ရရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

.

“ပြည်သူက ပို့သတဲ့မေတ္တာတွေ ၊ ပြည်သူရဲ့ မေတ္တာကို ခံစားရပြီ။ ပြည်သူက ဘာပဲဖြစ်ဖြစ် ပြည်သူဘက်မှာ ပူးပေါင်း ပါဝင်လာတာ ဖြစ်တဲ့အတွက် ပြည်သူကတော့ စိတ်အား တက်ကြွမှုရှိတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။

.

လက်ရှိတွင် ပြည်သူလူထုဘက် ကူးပြောင်းရပ်တည်၍ CDM လုပ်ဆောင်သူ တပ်မတော်သား ထောင်နှင့်ချီ ရှိကာ ယင်းအနက် ဒုတိယဗိုလ်မှူးကြီးမှာ ရာထူးအကြီးဆုံး ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats