တောင်ကြီး ထင်းရှူးတောတွင် လူငယ်စုံတွဲ ဆိုင်ကယ် လုယက်ခံရသည့် အပြင် ဓါးဖြင့်ပါ အခုတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီး ထင်းရှူးတောတွင် လူငယ်စုံတွဲ ဆိုင်ကယ် လုယက်ခံရသည့် အပြင် ဓါးဖြင့်ပါ အခုတ်ခံရ


တောင်ကြီးမြို့ အရှေ့ဘက်ရှိ ထင်းရှူးတောအတွင်း၌ ယမန်နေ့ မတ်လ ၉ ရက်၊ ညနေပိုင်းတွင် လူငယ်စုံတွဲ တစ်တွဲ မော်တော်ဆိုင်ကယ် လုယက် ခံရသည့် အပြင် ဓါးဖြင့်ပါ အခုတ်ခံခဲ့ရကြောင်း သိရသည်။

.

" လူ ၆ ယောက်က ပေါ်တင်ကြီး ဆိုင်ကယ် ဝင်လုကြတော့ တူတော်မောင် ဆိုသည်မှာလည်း သွေးကမနည်း၊ ဆိုင်ကယ် ပြန်လိုက်ဆွဲတော့ ဟိုကောင်တွေ ဓားနဲ့ ဝိုင်းခုတ်တာ။ တူတော်မောင် ပခုံး ၆ ချက်လောက် ထိသွားတယ်၊ လက်မှာ တစ်ချက်ပေါ့။ ကောင်မလေးက အော်လို့ပဲ လူတွေ ရောက်လာလို့သာ အသက်မသေတာ။ " ဟု ဆိုင်ကယ် လုယက်ခံရသူ လူငယ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့နေ လူငယ်စုံတွဲသည် ယမန်နေ့ မတ်လ ၉ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် ထင်းရှူးတောအတွင်း သွားရောက် လည်ပတ်စဉ် ယင်းကဲ့သို့ မော်တော်ဆိုင်ကယ်အား မင်းမဲ့စရိုက်ဆန်စွာ လုယူခံရသည့် အပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်ခြိမ်းခြောက် ခံရခြင်း ဖြစ်သည်။

.

လူငယ်စုံတွဲအနက် မိန်းကလေးငယ်၏ အော်ဟစ် အကူအညီ တောင်းခံမှု‌ကြောင့် ပတ်ဝန်းကျင်ရှိသူများ ရောက်ရှိလာ၍ လုယက်သူများ ထွက်ပြေးသွားသည့်အတွက် မော်တော်‌ဆိုင်ကယ်မှာ မပါသွားသော်လည်း လူငယ် အမျိုးသားမှာမူ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

.

လက်ရှိ အချိန်ကာလသည် ဆေးသမား၊ ဒုစရိုက်သမားများ၏ အချိန်ကာလဟု ပြောဆို၍ ရနိုင်သည့်အပြင် တရားဥပဒေ စိုးမိုးမှု မရှိသည့် ကာလ ဖြစ်သည့်အတွက် လူငယ်များ အနေဖြင့် သတိပြု သွားလာကြရန် မြို့ခံတစ်ဦးက အကြံပြု ပြောဆိုသည်။

.

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်း ယင်း ထင်းရှူးတော အတွင်း၌ပင် လူငယ်စုံတွဲ ၂ တွဲ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းများ လုယက်ခံရသေးသည်။

Journal Download

Photo of three cats