တောင်ကြီး ခရီးသည်တင်ယာဉ်လိုင်း အချို့ ရပ်နားရမည့် အခြေအနေနှင့် ကြုံတွေ့နေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး ခရီးသည်တင်ယာဉ်လိုင်း အချို့ ရပ်နားရမည့် အခြေအနေနှင့် ကြုံတွေ့နေရ


စစ်တပ်က နိုင်ငံတော်အာဏာအား သိမ်းယူပြီးနောက် တစ်နှစ်ကျော် အကြာ၌ စက်သုံးဆီဈေး အဆမတန်မြင့်တက်လာမှုကြောင့် ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့မှ ခရီးသည်တင်ယာဉ်လိုင်းအချို့  လက်ရှိအချိန်တွင် ရပ်နားရမည့်အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ယာဉ်လိုင်းပိုင်ရှင်များထံမှ သိရသည်။

.

စစ်တပ် အာဏာသိမ်းယူမှု ဖြစ်သည့် ယခင်နှစ် ဖေဖော်ဝါရီလ ၁ ရက်က တစ်လီတာလျှင် ၈၀၀ ကျပ်ဝန်းသာ ပေါက်ဈေး ရှိခဲ့သည့် စက်သုံးဆီဈေးနှုန်းများသည် ယနေ့ တောင်ကြီးစက်သုံးဆီဈေးကွက်တွင် တစ်လီတာလျှင် ၂၄၀၀ ကျပ် ဝန်းကျင်ပေါက်ဈေး ရှိလာသည့်အတွက် ခရီးသည်ယာဉ်လှိုင်းများ အရှုံးပေါ်ပြီး ရပ်နားရမည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု အမည်မဖော်လိုသူ ယာဉ်လိုင်းပိုင်ရှင် တစ်ဦးက ပြောသည်။

.

“ဒီတစ်ပါတ် အတွင်းမှာ ရပ်နားမယ့် ယာဉ်လိုင်းက ၃ လိုင်းလောက် ရှိတယ်။ ဆီဈေးက အဆမတန် မြင့်တက်လာပြီး လမ်းမှာ သူတို့ တောင်းသမျှလည်း ပေးနေရတော့ ဘယ်လိုမှ မကိုက်တော့ဘဲ အရှုံးပေါ်လာတော့ ရပ်နားရမယ့် အခြေအနေ ဖြစ်လာတာပေါ့။ အရင်အစိုးရ လက်ထက် ကိုဗစ် စ ဖြစ်ကတည်းက တောင့်ခံလာခဲ့တာ ဒီလောက်ထိ အခြေအနေ မဆိုးဘူး။ အခုဟာက ခရီးသည် တင်တာ၊ ကုန်ပစ္စည်းတွေတင်တာကိုလည်း ကန့်သတ်တာ၊ အချိန် ဆွဲပြီး စစ်ဆေးတာတွေအပြင် ဆီဈေးကပါ တက်လာတော့ ဘယ်လိုမှ အဆင်မပြေဘူး။ တောင်းတာ မပေးရင်လည်း ကား တစ်စီးလုံးကို မွှေနောက်ပြီး စစ်ဆေးတော့ အချိန် ကြန့်ကြာမှုတွေလည်း ဖြစ်တယ်လေ။ ဒီကာလမှာ ခရီးသည်တွေက မရှိဘူး။ ကုန်ပစ္စည်းတွေကိုပဲ အဓိက ထား ပြေးဆွဲနေရတာ” ဟု ၎င်းက ပြောသည်။

.

စက်သုံးဆီဈေး မြင့်တက်လာမှုအပြင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီ လက်အောက်ခံ စစ်ဆေးရေးအဖွဲ့များက ငွေကြေး အဆမတန် တောင်းရမ်းနေမှုကြောင့်လည်း ယာဉ်လိုင်းအချို့ ယာယီရပ်နားထားရန် ပြင်ဆင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။


တောင်ကြီးမြို့မှ ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်း ၁၀ လိုင်းခန့်ကမူ အပြီးတိုင် ရပ်နားမှုများ ပြုလုပ်ရန် အစီအစဉ် မရှိသေးသော်လည်း ပြေးဆွဲလျက်ရှိသည့် ယာဉ်အစီးရေအား အကန့်အသတ်ဖြင့် လျော့ချ ပြေးဆွဲရန်အတွက် ပြင်ဆင်လျက် ရှိသည်ဟု သိရသည်။

.

ရှမ်းပြည်နယ်၏ မြို့တော် ဖြစ်သည့် တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာ ကျသည့် ဒေသတစ်ခု ဖြစ်ပြီး ပြေးဆွဲလျက်ရှိသည့် အဝေးပြေးယာဉ်လိုင်းများနှင့် ဒေသတွင်း ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းပေါင်း ၁၂၀ ကျော် ရှိသည်ဟုလည်း သိရသည်။

Journal Download

Photo of three cats