ရပ်စောက်မြို့နယ်၊ အင်တောမြို့ ပြည်သူ့ဆေးရုံ၌ ရေစင် ဆောက်လုပ်ရန်အတွက် မြို့ပေါ်နေ လက်သမားများအား ပြည်သူ့စစ်ခေါင်းဆောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က အဓမ္မ လုပ်အားပေး ခေါ်ဆောင်နေသည်ဟု သိရသည်။
.
" ဆေးရုံမှာ ရေစင် ပြုလုပ်ဖို့ ဆိုပြီး လက်သမားတွေကို အာဏာပါဝါ ပြပြီးတော့ အတင်းအဓမ္မ လုပ်အားပေး ခေါ်နေတာပါ။ ပြီးခဲ့တဲ့ လဝက်ခန့်ကကတည်းက စစ်ကောင်စီအစိုးရရဲ့ဘက်ဂျက်ငွေ ကျပြီးပြီလို့ ဆေးရုံမှာ လက်ရှိ တာဝန် ထမ်းဆောင်နေသူတွေဆီကနေ သိရပါတယ်။ အဲဒါကို လုပ်အားပေး ခေါ်ပြီး ခေါ်ခိုင်းနေတာပါ။" ဟု အမည် မဖော်လိုသူ ဌာနဆိုင်ရာ အရာရှိ တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ အဓမ္မ လုပ်အားပေး ခေါ်ယူမှုကြောင့် လက်သမားများမှာ ဝမ်းရေးအတွက် ငွေရမည့် အလုပ်အား လုပ်ဆောင်လိုသော်လည်း ၎င်းတို့အား ကြောက်ရွံ့ရသည့်အတွက် လုပ်ဆောင်နေရကြောင်း သိရသည်။
.
" ခုလို အရာရာ ဈေး ကြီးနေတဲ့ ခေတ်ပျက်ကြီးထဲမှာ ငွေရမယ့် အလုပ် လုပ်ချင်တာပေါ့။ နီးရာဓါး ကြောက်ရတော့ လုပ်ပေးရမှာပေါ့။ သူတို့က မထင်ရင် မထင်သလို ပြဿနာ ရှာနိုင်တယ်လေ။ " ဟု အင်တောမြို့ခံ လက်သမားဆရာ ကိုစိုင်း (အမည်လွှဲ) က ပြောသည်။
.
အဆိုပါ လုပ်အားပေး အဓမ္မ ခေါ်ဆောင်သူများမှာ ပြည်သူ့စစ်ခေါင်းဆောင် ဦးစောဝင်းနှင့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖကိုး တို့ ဖြစ်ကာ ဦးစောဝင်း သည် အင်တောနယ်မြေရဲစခန်းမှ စခန်းမှူး ၏ သတင်းပေး တစ်ဦး ဖြစ်ကာ သိုင်းဆရာ တစ်ဦး ဖြစ်သည်ဟုလည်း သိရသည်။