မြန်မာနိုင်ငံအတွင်း၌ နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၈၈၉၀၀၀ ကျော် ရှိနေသည်ဟု UNOCHA Myanmar က ယနေ့ မတ်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။
.
မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၈၈၉၉၀၀ ရှိနေသည်ဟု ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်က ရရှိသည့် ကိန်းဂဏန်းများကို အခြေခံကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ စာရင်းတွင် အာဏာ သိမ်းပြီးနောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅၁၉၅၀၀ ဦးနှင့် ယခင် ပဋိပက္ခ အကြပ်အတည်းများကြောင့် ယာယီစခန်းများ၌ ဆက်လက် နေထိုင်နေကြရသူ ၃၇၀၄၀၀ ဦးတို့ ပါဝင်ကာ လတ်တလော နေရပ်ပြန်သူ ဦးရေ အနည်းငယ်ရှိသည့် အတွက် စာရင်းမှာ တည်ငြိမ်မှု မရှိဘဲ အတက်အကျ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ အရှေ့တောင် နှင့် အနောက်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမို ပြင်းထန်လာနေပြီး အရပ်သားများသည် ယင်းပဋိပက္ခ၏ အကျိုးဆက်ကို ဆက်လက် ခါးစည်းခံနေရသည်ဟု UNOCHA က ဆိုသည်။
.
UNOCHA အနေဖြင့် သွားလာခွင့်ဆိုင်ရာ စိန်ခေါ်မှုအကြပ်အတည်းများ ကြားမှ ဒေသခံမိတ်ဖက်များမှတဆင့် တိုက်ပွဲရှောင်ရသူများနဲ့ လက်ခံအသိုင်းအဝိုင်းအား အရေးပေါ် အကူအညီပေးခြင်းကို တတ်နိုင်သည့် နေရာများတွင် ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။
ကချင်နှင့် ရှမ်းမြောက်သို့ ကုလသမဂ္ဂအေဂျင်စီများ စုပေါင်း သွားရောက်ခဲ့ရာတွင် တပ်မတော် (၎င်းတို့အခေါ်) နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား (သို့မဟုတ်) တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား ဆက်လက် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ဦးရေ များပြားလာသည့် အတွက် တိုးပွားလာသော လိုအပ်ချက်များနှင့် တုံ့ပြန်ရေးပိုင်းဆိုင်ရာ သိသာစွာ ကွာဟမှုများကို တွေ့ခဲ့ရကြောင်းကိုလည်း ဖော်ပြထားသည်။
.
ထို့အတူ အကူအညီ လိုအပ်သူ ၆ ဒသမ ၂ သန်းအတွက် အကူအညီ ပေးနိုင်ရန် တောင်းဆိုထားသည့် ၂၀၂၂ ခုနှစ် လူသားချင်းစာနာမှု တုံ့ပြန်ရေးအစီအစဉ် (HRP) ထဲသို့ ရံပုံငွေ ထပ်မံ ထည့်ဝင်ဖို့ရန် ပဓာနကျကာ ၂၀၂၂ နှစ်၏ ပထမ လေးလပိုင်းသို့ ချဉ်းနင်း ရောက်ရှိလာသော်လည်း အရေးကြီးသည့် ကဏ္ဍများဆီသို့ ရံပုံငွေ စီးဆင်းမှု မရှိသေးတဲ့အကြောင်းကို ကြားသိရသည်ဟုလည်း UNOCHA Myanmar က ထုတ်ပြန်ထားသည်။