တောင်ကြီးမြို့ပေါ်ရှိ မီတာခ မဆောင်သည့် နေအိမ်များကို လင်းသီဟ က ဆက်တိုက် မီး လိုက်ဖြတ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်ရှိ မီတာခ မဆောင်သည့် နေအိမ်များကို လင်းသီဟ က ဆက်တိုက် မီး လိုက်ဖြတ်နေ


မြို့တော် တောင်ကြီးမြို့ရှိ အကြောင်း အမျိုးမျိုးကြောင့် လျှပ်စစ်ဓာတ်အားခ ပေးဆောင်ခြင်း မရှိသည့် နေအိမ်များကို လင်းသီဟလျှပ်စစ်နှင့် အထွေထွေဝန်ဆောင်မှုကုမ္ပဏီလီမီတက်က စစ်ကောင်စီတပ်များနှင့်အတူ လျှပ်စစ်ဓာတ်အား ဖြတ်တောက် (မီးဖြတ်တောက်)မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။

.

ကြွေးကျန် မီတာများအနက် ၄ လနှင့် အထက် ရှိသည့် မီတာများအား ဓါတ်အား ဖြတ်တောက်ခြင်း၊ မီတာ ဖြုတ်သိမ်းခြင်းတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်၍ ဆောင်ရွက်‌နေခြင်း ဖြစ်သည်ဟု စစ်ကောင်စီဘက်က ကြေညာထားသည်။

.

ယင်းကဲ့သို့ ဆောင်ရွက်မှုသည် လက်ရှိ နိုင်ငံရေး အခြေအ‌နေနှင့် အထွေထွေ အကြပ်အတည်းများကြောင့် ပြည်သူများ၏ အခက်အခဲ ဖြစ်နေမှုကို လျစ်လျူရှု၍ စစ်ကောက်စီက ဆောင်ရွက်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန်သည်။

.

" အခု နိုင်ငံရေး အခြေအနေက သိတဲ့အတိုင်း တော်တော်လေးကို ဆိုးနေတာ။ တောင်ကြီးမှာ အပေါ်ယံကြည့်ရင် ငြိမ်နေသလို ထင်ရပေမယ့် တကယ်တမ်းက တစ်ပတ်ကို တစ်ကြိမ်လောက်တော့ ပျဉ်းမျှ ပေါက်ကွဲနေတာ။ သတင်း ဖုံးကွယ်တာလည်း ပါတာပေါ့။ စီးပွားရေးကလည်း ထမင်းတောင် နပ်မှန်ဖို့ ရုန်းကန်နေရတာ။ ဒါကို ဒီကောင်တွေ ငွေ မျက်နှာ တစ်ခုတည်းနဲ့ လုပ်နေကြတာ။" ဟု မြို့ခံ တစ်ဦးက ပြောသည်။

.

လျှပ်စစ်ဓါတ်အား ဖြတ်တောက်ခံထားရသည့် နေအိမ်များအနက် အချို့မှာ မီးစက်ဖြင့် အသုံးပြုသည်များ ရှိသကဲ့သို့ အများစုမှာ မီးသွေးကို အသုံးပြုနေကြသည့် အတွက် မီးသွေးဈေးမှာလည်း မြင့်တက်လာနေသည်ဟု သိရသည်။

.

" အိတ်ကြီး အကောင်းဆိုရင် ၁၄၀၀၀ နဲ့ ၁၈၀၀၀ ရှိတယ်။ ရိုးရိုး၊ ခွဲအလွတ်က တစ်အိတ် ၈၀၀၀ ။ ဒါတောင် လိုသလောက် မရဘူး။ စျေးတွေ တအား တက်နေတာ။" ဟု ‌ဒေသခံ တစ်ဦးက ပြောသည်။

.

အဆိုပါ လျှပ်စစ် ဓါတ်အား ဖြတ်တောက် ခံရသူများအနေဖြင့် မိမိတို့နေအိမ်နှင့် သင့်လျော်ရာ ဆိုလာပြားများ တပ်ဆင် အသုံးပြုပါက ပိုမို သင့်တော်သည့်အတွက် စမ်းသပ်အသုံးပြုကြရန်ကို လူငယ်တစ်ဦးက တိုက်တွန်းထားသည်။

.

" ဆိုလာပြားရယ်၊ ဘက်ထရီရယ်၊ အင်ဗာတာရယ် ဒါပဲ လိုတာ။ ပုံမှန် နေအိမ်ဆိုရင် ၂ သိန်းလောက် သုံးရင် ရပြီဗျာ။ မီးသီးဆိုလည်း ဝပ်နည်းတာမျိုး သုံးပေါ့။ နားမလည်ရင် ဆိုင်တွေ၊ သိတဲ့သူတွေကို မေးရင် ရှင်းပြကြပါတယ်။ အားနည်းချက်ကတော့ အဝတ်လျှော်စက်တို့၊ ရေခဲသေတ္တာတို့တော့ သုံးဖို့ ရေရှည် မသင့်တော်ဘူး။ အခက်အခဲ ဖြစ်နေချိန်၊ ဆီဈေးတွေလည်း ကြီးနေချိန်မှာ အဲဒါလေးကို စမ်းသုံးစေချင်တာမျိုးပါ။" ဟု ၎င်းလူငယ်က ဆိုသည်။

.

တောင်ကြီးမြို့တွင် မီတာခ ပေးဆောင်သည့် နေအိမ်များသည်လည်း လျှပ်စစ်မီး ပုံမှန် မရရှိဘဲ မီတာခ မပေးဆောင်သည့် နေအိမ်များနည်းတူ တွေ့ကြုံနေရခြင်းကြောင့် ဓါတ်အားခ မပေးဆောင်သည့် နေအိမ်မှာ ယခင်ကထက် ပိုမို များပြားလာနေသည်ဟုလည်း သိရသည်။

Journal Download

Photo of three cats