ဒီးမော့ဆိုမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ၃ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ၃ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့

 


ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် DMO-Local PDF ၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ၊ KNDF ၊ KA ၊ လွိုင်ကော် PDF အပါအဝင် အခြားတော်လှန်ရေးတပ် အင်အားစုများ ပူးပေါင်း၍ ခုခံခဲ့ရာ ၃ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း DMO-Local PDF က ယနေ့ မတ်လ ၅ ရက်တွင် ထုတ်ပြန်သည်။

.

စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာနှင့် ပူဖားကျေးရွာတွင် မတ်လ ၂ ရက်မှ ၄ ရက်အတွင်း စစ်ကြောင်း ၃ ခုဖြင့် ထိုးစစ်ဆင်ရာမှ ၃ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် အချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့်အပြင် စစ်ရှောင်ပြည်သူ နေအိမ် ၁၅ လုံး စစ်ကောင်စီ၏ လက်နက်ကြီးကျည် ထိမှန် ပျက်ဆီးခဲ့ကာ၊ နေအိမ် ၁၇ လုံးထက် မနည်း မီးလောင် ပျက်ဆီးခဲ့သည်ဟု DMO-Local PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေလျက်ရှိရာ စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့သို့ ဦးတည်၍ အင်အား အလုံးအရင်းဖြင့် ဆက်လက်၍ ထိုးစစ်ဆင်လာနေသဖြင့် ပြည်သူများအနေဖြင့် တော်လှန်ရေး အင်အားစုများကို ဝိုင်းဝန်းကူညီကြရန်နှင့် လုံခြုံရေးအတွက် သတိရှိရှိ သွားလာကြရန်ကိုလည်း DMO-Local PDF က အသိပေး ထုတ်ပြန်ထားသည်။



Journal Download

Photo of three cats