တောင်ကြီးမြို့နယ် အတွင်းမှ ပြည်သူများ အနေဖြင့် နေအိမ်မှ ပြင်ပသို့ သွားလာပါက နိုင်ငံသားကတ် (မှတ်ပုံတင်) မူရင်းအား ယူဆောင် သွားလာရမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေး ဝန်ထမ်းများက နှိုးဆော်လျက် ရှိကြောင်း သိရသည်။
.
ပြည်သူများ အနေဖြင့် မနက်ဖြန် ဧပြီလ ၁ ရက်မှစတင်၍ နေအိမ် ပြင်ပသို့ လည်းကောင်း၊ မြို့နယ်ကျော်လွန် ခရီးသွား/လာရာတွင် လည်းကောင်း မှတ်ပုံတင် မူရင်းကို ယူဆောင်ပြီးမှသာ သွား/လာကြရန် ကြေညာထားခြင်း ဖြစ်သည်။
.
ထို့အတူ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံ ပြီးစီးကြောင်း လက်မှတ်ကိုပါ မှတ်ပုံတင်နှင့်အတူ တပါတည်း ယူဆောင်ကြရမည်ဟုလည်း ကြေညာထားကြောင်း သိရသည်။
.
ထောက်ခံစာဖြင့် ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည် မဟုတ်ဘဲ တရားဝင် ထုတ်ပေးသော မှတ်ပုံတင်အား ပြသ စစ်ဆေးခံရမည် ဖြစ်ကာ ထိုသို့ စစ်ဆေးခြင်းသည် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး မရှိသူများအား ရရှိအောင် ဆောင်ရွက် ပေးလို၍ ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေး ကြေညာထားသည်။