မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား |
ထိုင်း − မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့် ပြုကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ယနေ့ မတ်လ ၃ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။
.
နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် ၊ ငွေပေးချေမှုတွင် အဆင်ပြေစေရန်နှင့် ပြည်တွင်း ငွေကြေးသုံးစွဲမှု မြှင့်တင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။
.
ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့် ဘဏ်များတွင် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်သည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်သွင်းသူများ၏ ဘဏ်စာရင်းကို ဖွင့်လှစ်ခွင့်ပြုသည်ဟုလည်း ဖော်ပြပါရှိသည်။
.
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း တရုတ် − မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေမှုကို စစ်ကောင်စီက ခွင့်ပြုခဲ့သည်။
.
ယခင်က နယ်စပ်ကုန်သွယ်မှု၏ ငွေပေးချေမှုကို အမေရိကန်ဒေါ်လာဖြင့် လဲလှယ် ဆောင်ရွက်နေရာမှ ယခု ပြင်ဆင်သတ်မှတ်မှုသည် အမေရိကန်ဒေါ်လာ သုံးစွဲမှုကို စစ်ကောင်စီက လျော့ချလိုသည့် သဘောဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေကြသည်။