မိုင်းကိုင်မြို့နယ်၊ တအာင်း(ပလောင်)အမျိုးသားပါတီဥက္ကဌ မိုင်းနုမ်ဟန် မိသားစု သတ်ဖြတ်ခံရခြင်း အပါအဝင် ရှမ်းပြည်အနှံ့ ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်၊ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ အမြန်ဆုံး လုပ်ဆောင်ရန် မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်က တိုက်တွန်းကြောင်း ယနေ့ မတ်လ ၂၃ ရက်တွင် ထုတ်ပြန်သည်။
.
မိုင်းနမ်ဟန်၊ ဇနီး လွေးအေးခ နှင့် ၇ လ အရွယ် သမီးငယ်တို့ကို မိသားစုလိုက် မတရား ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ခြင်းသည် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ပြီး အထူးသဖြင့် ပဋိပက္ခဒေသရှိ အမျိုးသမီးများနှင့် ကလေးငယ်များကို မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းမှာ ထိုဒေသရှိ အမျိုးသမီးများ၊ ကလေးငယ်များ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အပြင်းအထန် ခြိမ်းခြောက်နေပြီး နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများကိုလည်း ချိုးဖောက်မှုမြောက်သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ အချင်းချင်းကြား စည်းလုံးညီညွတ်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို ရှေးရှူ၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် အမျိုးသမီး၊ ကလေးနှင့် အရပ်သားပြည်သူများကို ပစ်မှတ်ထား အပြန်အလှန် တိုက်ခိုက်နေခြင်းများကို ရပ်တန့်ပြီး ပူးပေါင်း ဆောင်ရွက်၊ အဖြေရှာသွားရန်ကိုလည်း တိုက်တွန်းထားသည်။