ဦးချ ကန်တော့ရမယ့် ဓါတ်ဆီနဲ့ တစ်နေ့စာ မေ့ကြသူများ (ဆောင်းပါး) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဦးချ ကန်တော့ရမယ့် ဓါတ်ဆီနဲ့ တစ်နေ့စာ မေ့ကြသူများ (ဆောင်းပါး)


မော်တော်ဆိုင်ကယ် စပြီး စီးကာစက စက်သုံးဓာတ်ဆီ တစ်ပုလင်း မြန်မာငွေ ၁၅ ကျပ်။ ကြာတော့ကြာခဲ့ပါပြီ။ ၉၀ နှစ်ပတ်လည်လောက်က။ မော်တော်ဆိုင်ကယ်ဆိုတာ ခုရပ်ကွက်ထဲမှာ မပြောနဲ့၊ မြို့ထဲမှာတောင် လက်ချိုး ရေတွက်လို့ ရတဲ့အချိန်။  စက်သုံးဓာတ်ဆီ ဈေးနှုန်းက တစ်ရိပ်ရိပ် တစ်ဖြည်းဖြည်းနဲ့ တက်လာတယ်။ တစ်ပုလင်းကို မြန်မာငွေ ၂၅ ကျပ် ၃၀ လောက် ဖြစ်လာတယ်။ ဒီလိုဓာတ်ဆီ ဈေးနှုန်းတွေ တရိပ်ရိပ် တက်လာတော့ ဟာသအနုပညာရှင်ကြီး ဦးမော့စ် က ဓာတ်ဆီနဲ့ပတ်သက်တဲ့ သီချင်းတစ်ပုဒ် ဆိုပါတယ်။ သေအောင်တက်နေတယ် ဓာတ်ဆီ ဓာတ်ဆီ ဒရိုင်ဘာတွေပဲပြော၊လူဆင်းရဲ ဖျားနာလို့ အရေးပေါ်ကားမငှားနိုင်ရင်လေ ဒီအတိုင်း ငုတ်တုတ်သေချင်သေတဲ့။

.

မူရင်းကတော့ အဆိုတော် နီနီဝင်းရွှေ ဆိုထားတဲ့ နှင်းဆီ။ အဲဒါကို ဦးမောစ့်က အပျော်စာသားလေး ပြောင်းထည့်ပြီး အားအားရှိတိုင်း တက်နေတဲ့ ဓာတ်ဆီအကြောင်းကို ရတဲ့ အကန့်ကနေ ကလော်တုတ်တယ် ပြောရမလား။ သူ့ခေတ်သူ့ကာလ ဓာတ်ဆီဈေးနှုန်း တက်လို့ ကြုံတွေ့ရနိုင်တဲ့အခြေအနေကို မီးမောင်း ထိုးပြတာလားပေါ့ စက်သုံးဆီဈေးနှုန်း တက်တာနဲ့ ကုန်ဈေးနှုန်းဆိုတဲ့ မယားကြီးက နောက်တော်ပါးက အလိုအလျောက် ထပ်ကြပ်မကွာ လိုက်တက်လာတယ်။ (မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုသလို)။ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းဆိုတဲ့ လင်မယား အတက် ကြမ်းရင် ရင်ဘတ်ကို အတောင့်လိုက် မှန်တာက အခြေခံပြည်သူတွေ။

.

အခြေခံ ပြည်သူဆိုတာလည်း ရွှေပြည်ကြီးမှာ သိပ်တော့လည်း မများရှာပါဘူး။ လူဦးရေ ၅၄ သန်းမှာ သန်း ၅ဝ သာသာလောက်လေး ရှိတာပါ။ သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ သယံဇာတတွေရဲ့ ကောင်းမှုကုသိုလ်တော်ကြောင့်လို့ ပြောရမလားပါ နိုင်ငံကြွယ်ဝပြီး ပြည်သူဆင်းရဲ နိမ့်ပါးတဲ့ ရွှေပြည်ကြီးမှာ ကုန်ဈေးနှုန်း တက်လာ အော်တိုမစ်တစ်အငတ်ဘေး ဆိုက်ပြီးသား။ ဘယ်သူတွေများ ငတ်နေလို့လည်းတော့ မမေးနဲ့လေ။ လူနဲ့သူနဲ့ တူအောင် မနေရ၊ မစားရရင် အငတ်ဘေးဆိုက်တာနဲ့ ထူးမခြားနားပဲဟာ။

ရှေးလွန်လေပြီးသော ပဝေသဏီ ကာလတုန်းကလည်း ပြည်သူတွေရဲ့ဘဝက ဆင်းရဲတွင်း။ ခေတ်ကာလတွေ ပြောင်းလာတော့ အရင်တုန်းကအတိုင်း။

.

၂၁ ရာစုသာ ရောက်လာတယ်။ ဒုံရင်းက ဒုံရင်း ဆိုသလို။ အခု ဘပုတို့ လေးပေကိုးလက်မအောက် အသင်းက နွေခေါင်ခေါင် စေတနာမိုးတွေ သွန်းဖြိုးလိုက်တာ ငါးပါးမှောက်ရုံတင် မဟုတ်တော့ဘူး။ ကြာရင် အရပ်ထဲ ဆွမ်းတန်းကြွတဲ့ သံဃာတောင် ပျောက်မှာ စိုးရတယ်။ ဒကာတွေချောင်လည်မှ သံဃာလည်း ရင်ကော့ပြီး ဆွမ်းတန်းကြွချင်တာပေါ့။ အပူရုပ်ကိုဟန်လုပ် ဖုံးထားတဲ့ ဒကာကို ဘယ်ဆရာသံဃာက မြင်ချင် တွေ့ ချင်ပါ့မလဲ။ ထေရဝါရ ဗုဒ္ဓသာသနာ နေလို၊ လလို ထွန်းကား တောက်ပတဲ့ ရွှေတိုင်းပြည်ကြီးတဲ့။ လူအချင်းချင်း ခေါ်ကြပြောကြရင်တောင် ရွှေပြည်သားတွေဆိုပဲ။ လက်တွေ့ကျတဲ့ ဘဝတွေက ရွှေဆိုတာ မူးလို့ ရှူစရာ မရှိတဲ့ အခြေအနေ။

.

ထားတော့။ သွားရေးလာတာ ဓာတ်ဆီတောင် နပ်မှန်အောင် မသုံးနိုင်တာကို ရွှေအကြောင်း လှည့်ပြီး တစ်လွဲ ဆံပင် ကောင်းသလို ဖြစ်တော့မယ်။ လတ်တလော အရပ်ထဲ ပြောကြဆိုကြတယ်။ ခေတ်က တစ်ပတ် ပြန်လည်လာပြီတဲ့။ သူတို့ ခေါက်တဲ့သံချောင်းသံ နားထောင်ကြည့်တော့ စက်ဘီး။

.

ဓာတ်ဆီ တစ်လီတာ မြန်မာငွေ ၂၅၀၀ ကျပ်နီးလာတော့ ဆိုင်ကယ် နပ်မှန်အောင်စီးဖို့ မလွယ်တော့ဘူး။ (လူတိုင်း မစီးနိုင်တဲ့ ကားအတွက်တော့ သိပ်စိတ်ပူစရာ မရှိဘူးပေါ့)။ 

အဲဒီတော့ အရင်လို ဆေးလိပ်၊ ကွမ်းယာဝယ်ဖို့ ဆိုင်ကယ် သုံးလို့ မဖြစ်တော့ဘူး။ မဖြစ်မနေ ခရီးအတွက်ပဲ ဆိုင်ကယ် သုံးကြတော့မယ်။ ကျန်တဲ့ ဗာဟီရတွေအတွက် စက်ဘီးလေးပဲ သုံးတော့မယ်တဲ့။

.

ဟုတ်တော့လည်း ဟုတ်သား။ အခြေခံလူတန်းစားတွေအတွက် နဂိုရတဲ့ လုပ်ခလစာတောင် မငတ်ရုံတမယ်။ ကုန်ဈေးနှုန်း ခေါင်ခိုက်အောင် တက်လည်း လက်ရှိ အနေအထားမှာ လုပ်ခလစာက တက်မလာဘူး။ အဲဒီတော့ အရင်လို ဆိုင်ကယ်ဖင်ကြား ညှပ်ပြီး လမ်းသလားလို့ မရတော့ဘူး။ ဓာတ်ဆီထည့်ဖို့ ဆီပန့်ရောက်ရင် ရေတစ်ခွက် အရင်ဆုံး တောင်းထားရတယ်။ အိတ်ထောင်ထဲ အမြဲဆောင်ထားရတဲ့ သွေးကျ ဆေးလေး သောက်ဖို့။ တစ်ခါသွား တစ်ခါတက်။ နှစ်ခါသွား နှစ်ခါတက် ဆိုတော့ ဓာတ်ဆီကို ဦးချလို့ကန်တော့ရမယ့်အတိုင်း။ ပန့်ကိုကိုတို့ကတော့ သတင်းကောင်းလေး မောင်းခတ်ကြရှာပါတယ်။ ဒီပုံအတိုင်းဆို ၃ဝဝဝ ကျော် သွားနိုင်တယ်တဲ့။

.

အဲဒါကြောင့်လား မပြောတတ်ပါဘူး။ အခုရက်ပိုင်း၊ လပိုင်းအတွင်း အမေ့ရောဂါ စွဲကပ်တဲ့လူ များလာတာကို သတိပြုမိတယ်။ ဘယ်လောက်အထိ များလည်းဆို အရပ်လေးမျက်နှာမှာကို တွေ့နေရတာ။ အမေ့ရောဂါ ရလာလို့ မော်တော်ဆိုင်ကယ် အတွန်းပြိုင်ကြသလားတောင် မှတ်ရပါတယ်။ အရင်က ဓာတ်ဆီတစ်ထောင်ဖိုး ထည့်ရင် နှစ်ရက် အသုံးခံတယ်။ အခုတစ်ထောင်ဖိုးက တစ်ရက်စာတောင် သုံးမရတော့ဘူး။

တစ်ထောင်ဖိုးထည့် အရင်လို နှစ်ရက် သုံးရတယ် ထင်တဲ့ လူတွေ ဆိုင်ကယ် အတွန်း ပြိုင်ကြရတာပေါ့။

ဘပုတို့ အသင်းရဲ့ ကောင်းမှုကုသိုလ် စေတနာတွေကြောင့် တစ်ရက်စာ မေ့ပြီး ဆိုင်ကယ် အပြိုင် တွန်းရတယ်လို့သာ မှတ်ကြပါ။ ဒီထက်သာဆက်တက်ရင်တော့ ဦးမောစ့်ရေ ဦးချလို့ကန်တော့ချင်ပါတယ်နော် ဓာတ်ဆီ ဓာတ်ဆီ . . . ။

Journal Download

Photo of three cats