သင်္ကြန် နဲ့ စိနတိုင်းကရောဂါ (ဆောင်းပါး) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သင်္ကြန် နဲ့ စိနတိုင်းကရောဂါ (ဆောင်းပါး)


အလုပ်လေးက ပါး (အမှန်က မရှိတာ) အချိန်အားလေး များတော့ မျက်လုံးထဲ တွေ့ကရာ စာအုပ်တွေဖတ်။ မဖတ်ရတဲ့ စင်ပေါ်က စာအုပ်အသစ်တွေဖတ်။ အဟောင်းတွေထဲကလည်း မမှတ်မိတော့တာတွေ ပြန်ဖတ်။ ပိဿာချိန်ပို့ရမှာ နှမျောလို့ ချောင်တစ်နေရာ ပုံထားတဲ့ ဂျာနယ်အဟောင်းတွေထဲကလည်းချန်ရစ်ထားခဲ့တဲ့ ဆောင်းပါးတချို့ ပြန်ဖတ်ပေါ့။ အဲဒီလိုဖတ်ရင်း ချိန်ခါရာသီ စာတစ်ပုဒ် ဂျာနယ်အဟောင်း တစ်စောင်ထဲမှာ ပြန်ဖတ်မိတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်ကျော်က မြို့တော်တောင်ကြီးရဲ့ သင်္ကြန်အကြောင်း ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ရေးဖွဲ့သူကတော့ ငြိမ်းချမ်းတဲ့ ဘုံတစ်နေရာမှာ အနားယူနေပြီဖြစ်တဲ့ တောင်ကြီးသား သတင်းစာဆရာကြီး ဦးသန်းဝေ။

.

ဆောင်းပါးတစ်နေရာမှာ “ ခေတ်ပေါ်တေးဂီတ အစ ထီလာမောင် ' ကလို့ ရေးဖွဲ့ထားပါတယ်။တောင်ကြီးမြို့ ရဲ့ သင်္ကြန်ကာလ ခေတ်ပေါ်တေးဂီတ အစကို ဆိုလိုတာပါ။ ဖန်တီးတဲ့ သူကတော့ သူ့ခေတ်သူ့အခါလက်တံရှည် ခရိုနီကြီးတစ်ဦး ဖြစ်တဲ့ ဦး‌ရှော်ဖီ။ မြန်မာနာမည်ကတော့ ဦးစိုးလှလို့ မှတ်သားဖူးပါတယ်။ ရှမ်းပြည်မြို့တော်၊ တောင်ကြီးမြို့ရဲ့ သင်္ကြန်ရိုးရာ အငွေ့အသက်တွေကိုလည်း ရေးဖွဲ့ တင်ပြထားပါတယ်။ စာတွေဖတ်ရင်း သတိပြုမိတာက မကြာခင်သင်္ကြန်ချိန်ခါ ကျရောက်တော့မယ်ဆိုတာကို။ နှစ်တိုင်းသင်္ကြန် ကျနေတာ ဘာထူးလည်းဆိုတော့ ကိုယ့်အတွက် ဘာမှမထူးပါဘူး။ သင်္ကြန်ဆိုတာကြီးနဲ့ အညမည မကျတာ ဆယ်နှစ်ကျော်တောင်ရှိခဲ့ပေါ့။

.

တွေးမိတာက ဒီလိုချိန်ခါ ရောက်ရင် ကောင်းကင်သနင်း သိကြားမင်း သောက်လုပ် ရှုပ်တော့မယ်ဆိုတာ။ ဟုတ်တယ်လေ၊ လူ့ပြည် အနှစ်တစ်ရာမှ သိကြားမင်း တိုင်းပြည်က တစ်ရက်။ လူ့ပြည်သင်္ကြန်ရောက်တိုင်း ဆင်းရအောင် သိကြားမင်းက အလုပ်မရှိ အကိုင်မရှိလည်း မဟုတ်။ တော်ကြာနေ လူ့ပြည်ဆင်း၊ ခနနေရင် လူ့ပြည်ဆင်းနဲ့၊ ကြာရင် သိကြားမင်းနဲ့ သူ့မယားလေးယောက်က ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးရတော့မယ့် အတိုင်း။ ဒီကြားထဲ လုပ်ကြသေးတယ်။ သိကြားမင်း လူ့ပြည်ဆင်းရင် အကောင်ပေါင်းစုံ စီးနေရတာ။ သူ့ဘုန်းသူ့ကံနဲ့ နတ်ရထား အဖုံဖုံ ရှိပြီးသား။ မသိရင်သိကြားမင်းက ငမွဲလိုလို ဘာလိုလိုနဲ့ ကြည့်လုပ်ကြပေါ့။ နောက်ဆိုသိကြားမင်းလည်း လား (ဝန်တင်လား) စီးရတဲ့ ဘဝ ရောက်သွားဦးမယ်။

.

နောက် ရှိသေးတယ်။ ဗြဟ္မာကြီး ဦးခေါင်းကိစ္စ။ ဘာကိစ္စ ဆက်ဆော့ပြီး ဒီဗြဟ္မာကြီး ခေါင်းပြတ်သွားမှန်းမသိ။ ပြောတော့ ၃၁ ဘုံမှာ ဗြဟ္မာဘုံက အမြင့်ဆုံးတဲ့။ ဘယ်သူက လက်ကမြင်းပြီး ဗြဟ္မာဦးခေါင်း ဖြတ်လို့ ရမှာတုန်း။ ဒီ ခေါင်းပြတ်ကြီးကပင်လယ်သမုဒ္ဒရာထဲ ချထားရင် ရေတွေ အကုန်ခမ်းတယ်။ မြေပြင်မှာ ထားရင် တောတောင်မြေပြင် မီးဟုန်းဟုန်း တောက်တယ်ဆိုပဲ။ ပြန်ရောက်ဖြစ်ခဲ့ရင်တောင် သူတို့ အချင်းချင်း အပေါ်မှာ ဖြစ်တဲ့ကိစ္စလေ။ အောက်ဆင်းပြီး တိုင်ပတ်စရာ အကြောင်းမှ မရှိတာ။ ခက်တော့လည်း ခက်သား။ တစ်ခါတစ်ခါ ဗုဒ္ဓဘာသာဝင်တွေ လုပ်လိုက်ရင် ဂေါတမမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုတောင်အားနာဖို့ ကောင်းနေတယ်။

.

ထားတော့။ လတ်တလော မကြာခင် ကျရောက်တော့မယ့် သင်္ကြန်နဲ့ အရပ်ထဲက စကားသံတချို့ နားထောင်ကြည့်ရအောင်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကြောင်းအမျိုးမျိုးနဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲ ခြိမ့်ခြိမ့်သဲ မကျင်းပဖြစ်ခဲ့ဘူး။ ပထမတစ်နှစ်ရိုးရာသင်္ကြန် ရေကစားပွဲတော်လုပ်ဖို့ နေနေသာသာ ဘုရားသွားကျောင်းတက်တောင် မလုပ်နိုင်တဲ့ အနေအထား။အိမ်နီးချင်း နိုင်ငံကြီးက စေတနာဗလပွနဲ့ ပို့လိုက်တဲ့ COVID-19 ရောဂါကပ်ဆိုးကြီး ခြိမ့်ခြိမ့်သဲ ကြုံတွေ့နေရလို့။ နောက်တစ်နှစ်လည်း ထိုနည်းလည်းကောင်း၊ ဒီနှစ်ရောဂါကပ်ဆိုး ပျောက်ပြီလားဆိုတော့။ 

မယားငယ်အိမ် တိတ်တိတ်လေး သွားရတဲ့ခြေလှမ်းလို ဘယ်ချက်မှာ ဘယ်ချောက်ထဲ ကျမယ်မပြောတတ်သေးဘူး။

.

တစ်နေ့က သတင်းစာ ရှင်းလင်းပွဲ အပြီး သတင်းသမားတွေ ( လိုက်ဖမ်းလိုဘ သတင်းသမားတွေ ပြေးနေရချိန် သူတို့က ဘယ်လို သတင်းသမား ဖြစ်လာလည်း မသိ) နဲ့ မေးဖြေခန်းမှာ ဇော်မဲလုံးကတော့ ပြောရှာတယ်။ ဒီသင်္ကြန်ပွဲတော်နဲ့ ပက်သက်ပြီးတော့လည်း ကျွန်တော်တို့အနေနဲ့ အဓိက ကတော့ပြည်သူလူထုအနေနဲ့ ကိုဗစ်ကာလမှာ မွန်းကျပ်ခဲ့ရတာတွေ ကျွန်တော်တို့ နိုင်ငံရေး အခြေအ‌နေကြောင့် မွန်းကျပ်ခဲ့ရတဲ့ ဟာတွေ ဒါနဲ့ ပတ်သက်ပြီးတော့ကျွန်တော်တို့ ဖြေလျော့ပေးဖို့ အစီအစဉ်တွေဆောင်ရွက်လျက် ရှိပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ရုပ်ရှင်တွေကို နှစ်ဆန်းတစ်ရက်နေ့ကနေ စတင်ဆောင်ရွက်ဖို့၊ သင်္ကြန်ပွဲတော်ကာလကိုလည်းတတ်နိုင်သမျှ ပြည်သူလူထု အားလုံးပါဝင် ဆင်နွှဲခွင့်ရအောင် ဆောင်ရွက်ဖြစ်ကြောင်း ပြောကြားလိုပါတယ်လို့ ဆိုတယ်။

.

ညမထွက်ရ ၁၄၄ ထုတ်ပြန်ထားမှုနဲ့ ပတ်သက်ပြီးတော့လည်း နေပြည်တော် ၈ မြို့နယ်၊ မန္တလေး ၁၀ မြို့နယ်၊ ရန်ကုန် ၄၄ မြို့နယ်၊ မကွေး ၁၇ မြို့နယ်ကိုည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ဖြေလျော့ဆောင်ရွက်ထားတာ ရှိပါတယ်။ ဆက်လက်ဆောင်ရွက်သွားဖို့လည်း အစီအစဉ်တွေ ရှိပါတယ်လို့ဆိုထားပါတယ်။ ဒီပြောကြားချက်အရ လာမယ့်သင်္ကြန်ပွဲတော်ကို မြို့ကြီးပြကြီးတွေမှာ ခြိမ့်ခြိမ့်သဲဖြစ်မြောက်အောင် ဆောင်ရွက်မယ့် သဘော။ ဗေထိဆိုတာနဲ့ ကမယ့်လူတွေကလည်း တစ်ပုံကြီး။ ဆူးပုံဆိုတာ ကံကို ယုံပြီး နင်းလည်း စူးတတ်တယ်။ ဒီအတိုင်းပဲ နင်းလည်း စူးတတ်တဲ့အမျိုး။ 

ဉာဏ် မစောင့်လို့ စွန့်လိုက်ရတဲ့ အသက်တွေက ရှေ့မှာ အထွေးလိုက်။ နှစ်သစ်မှာ မိမိအသက်ကို မိမိ ဉာဏ်စောင့်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါကြောင်း။

Journal Download

Photo of three cats