စစ်တပ်က အာဏာသိမ်းယူထားသည့် ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့၍ ပျက်စီးသွားသည့် လူနေအိမ်ပေါင်း ၆၇၁၉ လုံးခန့် ရှိကြောင်း Data for Myanmar ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
.
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်အတွင်း နေရာပေါင်း ၁၈၆ နေရာခန့်တွင် ဖြစ်ပွားခဲ့သည့် အခြေအနေများကို Data for Myanmar က ပြုစု၍ ယမန်နေ့ မတ်လ ၉ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
" သတင်းဌာန တစ်ခုချင်းစီက မတူညီတဲ့ အရေအတွက်တွေကို cross-check လုပ်ပြီး စိစစ်ထားပါတယ်။ ဒေသခံ လူအခွင့်အရေး အဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေကို အခြေခံထားပါတယ်။ မပြည့်စုံတဲ့ အချက်အလက်တွေ ချန်ထားခဲ့ရလို့ မြေပြင် အရေအတွက်က ပို များနိုင်ပါတယ်။" ဟု Data for Myanmar က ဆိုသည်။
.
အဆိုပါ မီးရှို့ခံရသည့် လူနေအိမ်စာရင်းတွင် စစ်ကိုင်းတိုင်းမှ ၃၉၆၈ လုံးဖြင့် အများဆုံး ဖြစ်ပြီး မကွေးတိုင်းတွင် ၁၁၃၃ လုံး၊ ချင်းပြည်နယ်တွင် ၁၁၂၁ လုံး၊ ကရင်နီ (ကယား)ပြည်နယ်တွင် ၃၁၇ လုံး၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၉၃ လုံး၊ မန္တလေးတိုင်းတွင် ၃၈ လုံး၊ တနင်္သာရီတိုင်းတွင် ၂၉ လုံး၊ ပဲခူးတိုင်းအနောက်ခြမ်းတွင် ၁၀ လုံး၊ ကရင်နှင့် ကချင်ပြည်နယ်တို့တွင် ၅ လုံးစီတို့ ဖြစ်ကြောင်း သိရသည်။