ယင်းမာပင်မြို့နယ်၊ လက်ပန်တောကျေးရွာရှိ စစ်ဘေးရှောင်များ စုစည်းနေထိုင်ရာ ဘုန်းတော်ကြီး ကျောင်းကို ယနေ့ မတ်လ ၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် စစ်ဘေးရှောင် အရပ်သားပြည်သူ ၄ ဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
လက်ပန်တောကျေးရွာ ဘုရားကုန်းပေါ်မှ စစ်ကောင်စီတပ်က ကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်း ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူများ၏ နေအိမ်များ အပါအဝင် စစ်ရှောင်များ နေထိုင်ရာ ဘုန်းတော်ကြီးကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ကာ ၄ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
အဆိုပါ လက်ပန်တောကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနေသဖြင့် လက်ပန်တောရွာ အပါအဝင် ရှမ်းရွာ၊ ကံသာ၊ ကျွန်းတောကျေးရွာများမှ ဒေသခံ ပြည်သူများသည် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။