ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဟိုပန်၊ ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်မြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရပ်စောက်၊ လဲချား၊ လွိုင်လင်၊ မောက်မယ်မြို့နယ်တို့မှ ပြည်သူ ၂၁၀၀ ဦးကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု UNOCHA Myanmar ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
.
စစ်ကောင်စီတပ် နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား သော်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း သော်လည်းကောင်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ လုံခြုံရေးနှင့် လူသားချင်းစာနာမှု အခြေအနေမှာ တည်ငြိမ်မှု ကင်းမဲ့လျက်ရှိနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
.
အကျိုးဆက် အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် ကတည်းက ရှမ်းပြည်နယ်ရှိ မြို့နယ် ၇ ခုမှ ဒေသခံ ၂၁၂၆ ဦးသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်းနှင့် ဖေဖော်ဝါရီလ အတွင်းမှာပင် မြို့နယ် ၆ ခုမှ ၂၄၇၄ ဦးသည် မူလနေထိုင်ရာ နေရာသို့ ပြန်လာနိုင်ခဲ့သည်ဟု သိရသည်။
.
ဆက်လက် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့် လုံခြုံရေး အခြေအနေကြောင့် လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူများအတွက် ပဋိပက္ခဖြစ်ပွားရာ နေရာများသို့ သွားရောက်ခွင့်မှာ ခက်ခဲလျက် ရှိနေသော်လည်း ဒေသခံ အကူအညီပေးရေး ဆောင်ရွက်သူများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ပူးပေါင်းကာ အရေးပေါ် အကူအညီအစီအစဉ်၊ အကာအကွယ်ပေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက် ပေးအပ်လျက်ရှိကြောင်း UNOCHA Myanmar က ထုတ်ပြန်သည်။
.
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဖေဖော်ဝါရီလ ၂၈ ရက် ထုတ်ပြန်ချက်အရ မြို့နယ် ၁၁ ခုက လူဦးရေ ၅၆၄၀၀ သည် ၂၀၂၁ ခုနှစ် အစပိုင်းကတည်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး အဆိုပါလူဦးရေထဲက ၁၄၃၂၀ ဦးသည် မြို့နယ် ၁၁ ခုရှိ ယာယီစခန်းများတွင် ဆက်လက် နေထိုင်ရလျက်ရှိကြောင်း သိရသည်။
.
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင်မူ လူဦးရေ ၈၇၃၀၀၀ ဦးခန့်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ယင်းအနက် ၅၀၂၆၀၀ ဦးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူများ ဖြစ်သည်။