ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံး ထိခိုက်မှု များခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး ဖမ်းမိသည့်အပြင် လက်နက်များလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်က ယနေ့ မတ်လ ၆ ရက်၊ ညနေပိုင်းတွင် ထုတ်ပြန်သည်။
ကျောက်ဆည်ကန်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်၊ DMO-Local PDF ၊ Loikaw PDF ၊ PDF Pekhon၊ KA ၊ KNDF နှင့် ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
.
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သည် ကျောက်ဆည်ကန်မှ ဘုရားငုတ်တိုဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီးမော့ဆိုမြို့နယ်၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၃၅ ဦးထက် မနည်း သေဆုံးခဲ့သည်ဟု DMO-Local PDF ကလည်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။