ကရင်နီ (ကယား) ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့များအား စစ်ကောင်စီ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက မတ်လ ၁၅ ရက်တွင် ခေါ်ယူ တွေ့ဆုံခဲ့သည်ဟု သိရသည်။
.
ယင်းကဲ့သို့ တိုင်းမှူး ခေါ်ယူတွေ့ဆုံခဲ့သည့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့များမှာ KNG ပြည်သူ့စစ်အဖွဲ့၊ KNPDP အသွင်းပြောင်း ပြည်သူ့စစ် အဖွဲ့၊ လွိုင်လင်လေးပြည်သူ့စစ် အဖွဲ့၊ ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေး အသွင်ပြောင်းပြည်သူ့စစ်အဖွဲ့၊ ကယန်းပြည်သစ်ပါတီအသွင်ပြောင်း ပြည်သူ့စစ် အဖွဲ့နှင့် မော်ချီးပြည်သူ့စစ် အဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စစ်အဖွဲ့များကို ရပခ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များက တောင်ကြီးမြို့ရှိ သံလွင်ခန်းမ(ရပခ)၌ တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး တွေ့ဆုံစဉ် မည်သည့် အကြောင်းအရာများ ပြောဆိုသည်ကိုမူ မသိရသော်လည်း တိုင်းမှူးက ပြည်သူ့စစ်အဖွဲ့များကို ရိက္ခာနှင့် ငွေများ ပေးအပ်ခဲ့သည်ဟု သိရသည်။
.
လက်ရှိတွင် စစ်ကောင်စီတပ်များသည် ကရင်နီ (ကယား) ပြည်နယ်အတွင်း၌ လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူဖြင့် ထိုးစစ်ဆင်နေလျက် ရှိသည်။