လေးပေကိုးလက်မ အသင်းနဲ့ လျှပ်စစ်ရထားအိပ်မက် (ဆောင်းပါး) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

လေးပေကိုးလက်မ အသင်းနဲ့ လျှပ်စစ်ရထားအိပ်မက် (ဆောင်းပါး)


ကလေး ဘဝတုန်းက တောင်ကြီးမြို့ တောင်ဘက် အရှေ့ပင်စင်ဆိုတဲ့ အရပ်မှာ နှစ်အတော်ကြာ နေခဲ့ဖူးတယ်။ အခု ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၁၀) လို့ အမည်နာမ တွင်ထားတဲ့ အရပ်ပေါ့။ အဲဒီအချိန်ကာလက အရှေ့ပင်စင်ဆိုတဲ့ အဝန်းအဝိုင်းလေးက မြို့အစွန်အဖျားရယ်လို့တောင် တင်စားလို့ရတဲ့အနေအထား။ အိမ်ခြေက ကျဲပါးပါး၊ သွားလမ်းက လှည်းလမ်းသာသာ။

.

အခုကာလလို ကိုယ်ပိုင်ကား၊ ကိုယ်ပိုင်ဆိုင်ကယ်ဆိုတာ မူးလို့ ရှုစရာ မရှိတဲ့ အရပ်ဒေသ။ ခရီးတစ်ထောက်အတွက် ဟီးနိုးလို့ခေါ်တဲ့ ဘတ်စ်ကားအိုကြီးတွေကို တိုးဝှေ့စောင့်စီးရတယ်။ သူ့တို့ထက် တစ်ဆင့်မြင့်တဲ့ လူတွေကတော့ ကိုယ်ပိုင် ခြေထောက်နဲ့ နင်းရတဲ့ စက်ဘီး။ အဲဒါတွေမှ မသုံးချင်ရင် ကုန်းကြောင်းတစ်လှည့်၊ ခြေကျင်တစ်သွယ်ပေါ့။ အဲဒါတွေထက်မြင့်တာဆိုလို့ သစ်ပင်ပေါ်တက် ထိုင်နေတဲ့ လူပဲ ရှိကြတယ်။

.

အဲဒီအချိန်ကာလက အရှေ့ပင်စင်ဆိုတဲ့ အသိုက်အဝန်းထဲမှာ ပါတဲ့ ၃၁ ဘုံသားတွေအတွက် နေ့ခင်း အလင်းရောင် ဆိုတာ သဘာဝတရားကြီးက ပိုးစိုးပက်စက် အလကား မတ်တင်း ဖန်ဆင်းပေးထားတဲ့ နေမင်းရဲ့ အလင်းရောင်။

.

နေမင်းကြီး ကာလူး (သူရာ) ချတာ ရေချိန်လွန်လို့ ပလပ်ကျွတ်သွားတဲ့အချိန်ကျတော့ သူကိုယ်ကိုယ် အမှောင်ကိုထောင်ထားဖို့ ဒီဇိုင်းကာလာ ဘာညာ အနေအထားမျိုးစုံနဲ့။ တချို့အိမ်တွေက အမယ်အိုလို မလှုပ်တလှုပ် ရေနံဆီမီး ခွက်အိမ်လေးတွေ။ အိမ်ကချို့က မလင်းကလင်း အမှောင်ဇာတ်ခင်းတဲ့ အိမ်လို ဖယောင်းတိုင် မီးလေးတွေနဲ့ ငုတ်တုတ်။ မော်ဒယ်နည်းနည်းတဲ့ အိမ်တချို့ကတော့ လက်မထိပ်လောက်ရှိတဲ့ မီးသီးလေးတွေနဲ့ ထွန်းညှိရတဲ့ ဘက်ထရီ မီးသီး။

.

တဖြည်းဖြည်း သက္ကရာဇ်တွေ ဟောင်းလာတော့ တောင်ကြီးမြို့နဲ့ အရှေ့ပင်စင်ဆိုတဲ့ အရပ်က စွင့်စွင့်ငွားငွား ဖူးပွင့်လာခဲ့တယ်။ ထရံကာ၊ သက်ကယ်မိုး၊ မြေစိုက်တဲလေးတွေက အုတ်ထရံနဲ့ တိုက်သဏ္ဌာန်ပြောင်း၊ ညအလင်းရောင်အတွက် မော်ဒယ်အဟောင်းတွေ ထားခဲ့ပြီး လျှပ်စစ်မီး ဆိုတာကြီး ထိန်ထိန် ညီးခဲ့တာပေါ့ ။

.

ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုနောက် ကောက်ကောက်ပါအောင် လိုက်ရင်း ထင်းမီးနဲ့ ချက်ပြုတ်ရာက ဒယ်နီလို့ခေါ်တဲ့ ကျန်ကျောင်းဖြစ် လျှပ်စစ်အိုးနဲ့ ချက်ကြပြုတ်ကြ။ စကားနောက် တရားပါတယ် ဆိုဆို အဝီစိတွင်းဆိုတာကြီး အပြိုင်အဆိုင် တူးပြီး သောက်ရေသုံးရေ အတွက် လျှပ်စစ်မော်တာတွေနဲ့ မီးလာတုန်း ရေတင်ကြ။

.

နောက်ပိုင်း လက်ကိုင် တယ်လီဖုန်းနဲ့၊ ဝိုင်ဖိုင်အင်တာနက်ဆိုတာကြီးပါ အရပ်ထဲ ရောက်လာတော့ လျှပ်စစ်မီးဆိုတာ မရှိမဖြစ် ကိုမောင်တင့်ရယ် လို့ဖြစ်လာပါတော့တယ်။

.

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုစာလောက်က လင်းလိုက်တဲ့ လျှပ်စစ်မီး ဆိုတာ အိမ်မှာရှိတဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့ အသုံးအဆောင် မှန်သမျှ ရေပတ်ဝတ်အုပ် ပေးထားခဲ့ရဖူးတယ်လေ။ အင်ဗာတာဆိုတာ ဘာမှန်းမသိ။ ဘက်ထရီဆိုတာ မော်တော်ကားမှာ သုံးတဲ့ပစ္စည်း ဆိုတာလောက် သိကြတော့တယ်။ အလင်းရောင်အတွက်လား ရတယ်။ ချက်ရေးပြုတ်ရေးလား အေးဆေး။ သောက်ရေသုံးရေးအတွက်လည်း ပူစရာ မရှိ။ လျှပ်စစ်နဲ့ ပတ်သက်လာရင်အမြဲတမ်းပဲ ကံဆိုးတယ်ဆိုတာ မရှိခဲ့ဘူးပေါ့။

.

တစ်ခါတစ်ခါ လူ့ဘဝဆိုတာကြီးက သောက်မြင်ကပ်စရာတော့လည်း အကောင်းသား။ ဘယ်လောက်သာယာတယ် ပြောပြော အနောက်ဆိုတာ ကပေါ်တတ်တာမျိုးရယ်။ အခုပဲကြည့်လေ။

.

ဘယ်တော့မှ မပျက်တော့ပါဘူး ထင်ရတဲ့ ကိုယ်ရွှေလျှပ်စစ်မီးက မလာတစ်ခါ၊ ပျက်တစ်ရက်။ မလင်းတစ်ခါ၊ ပျက်ကာသာတည်း ဖြစ်နေပါရော။ လက်သည်ကြည့်လိုက်တော့ ပေမမီ ဒေါက်မမီလေးတွေ။ လေးပေကိုးလက်မအောက် ဘောလုံးသမားလေးတွေရယ်။ ဒီအသင်းလက်သိပ်ထိုးပြီး ဒိုင်းဆုရသွားတည်းက သောက်တလွဲတွေချည်းကို ဖြစ်နေတော့တာ။ အရပ်သူ အရပ်သားများခမျာတော့ ဒီတစ်သက် ဒီဒုက္ခဝေးပြီ ထင်ခဲ့သမျှ သောက်ကျိုးတွေကို နည်းလို့။

.

လျှပ်စစ်ကားတွေ ပေါ်လာရင် ဝယ်စီးလိုက်မယ်၊ လျှပ်စစ်ရထားကြီး ပြေးလမ်းပေါ် ရောက်လာရင် ဝင်တိုးလိုက်မယ် ဆိုပြီး စုထားဆောင်းထားသမျှ အခုတော့ ဝယ်လိုက်ရတဲ့ အားသွင်းမီးလုံး၊ ဝယ်လိုက်ရတဲ့ ဘက်ထရီမီးသီး။ ခါတော်မီများကလည်း သဘောတော်များ စူးရှတော်မူကြပါပေတယ်။ အရင် တစ်ထောင်တန် မီးလုံးက အခုဝယ်ရင် သုံးလေးထောင်။ အရင် ရှစ်ထောင်လောက် ရှိတဲ့ ဆိုင်ကယ်ဘက်ထရီက အခုမြန်မာကျပ်ငွေ နှစ်သောင်းနီးပါး။ ချက်ရေးပြုတ်ရေး ထင်းမီးသွေးက လိုက်မမီချင်တော့ဘူး။ ပိုပိုလျှံလျှံတော့ ရှိပါရဲ့၊ ပတ်ဝန်းကျင်ကို သူခိုးဈေးနဲ့ လက်သိပ်ထိုး ရောင်းထားလို့ သဘာဝဓာတ်ငွေ့ ဆိုတာက ကိုယ်တွေနဲ့ မသက်ဆိုင်တဲ့အတိုင်း။

.

ဒီမိုး ဒီရေ ဒီ လေးပေကိုးလက်မ အောက် အသင်းနဲ့ ကြာရင် ခက်ရချည်ရဲ့။ (အခုလည်းမ လွယ်ပါဘူး)။ ကိုလေးဖြူ ဆိုထားတဲ့ သီချင်းတစ်ပုဒ်ထဲက အပိုင်းအစလေး တစ်ခုကို သတိရမိတယ်။ လျှပ်စစ်ညမီးရောင်လိုပဲ လျှပ်စစ်ဓာတ်တို့ စီးနေတယ်တဲ့ အဟုတ်။

.

လူတွေ အိပ်ချိန်မှ လျှပ်စစ်မီးက လာတော့ ညကြီးမိုးချုပ် ချက်ကြ ပြုတ်ကြ။ ရေမော်တာရေတင်ရင်းနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ရေချိုးတဲ့ လူက ချိုး၊ ဖုန်း အားသွင်းလိုက် မီးလုံးတွေအားပြန်သွင်းလိုက်နဲ့ ညမှ အသက်ဝင်တော့ မသိရင် ကျက်ရွာ ရောက်နေတဲ့ အတိုင်းပေါ့။ ခက်တော့လည်းခက်သား။ လေးပေကိုးလက်မ အောက် အသင်းဆိုတော့ ပေက မမီ။ ဒီကြားထဲ ဉာဏ်ကပါ တိမ်တော့ ကိစ္စကို ပြတ်ရော။

.

ဆုတောင်းလေ လျှပ်စစ်ရထားဆိုတာကြီး အိပ်မက်။   ။

Journal Download

Photo of three cats