တောင်ကြီးတွင် သင်္ကြန်မဏ္ဍပ် ပြုလုပ်ရန် လုပ်ငန်းရှင်အချို့ ဖိအားပေး ခံနေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် သင်္ကြန်မဏ္ဍပ် ပြုလုပ်ရန် လုပ်ငန်းရှင်အချို့ ဖိအားပေး ခံနေရ

လာမည့် ဧပြီလအတွင်း ကျရောက်မည့် သင်္ကြန်ကာလအတွင်း တောင်ကြီးမြို့၌ ရေကစားမဏ္ဍပ်များ ပြုလုပ်ရန် မြို့ပေါ်နေ စီးပွားရေး လုပ်ငန်းရှင် အချို့ ဖိအားပေးခံနေရသည်ဟု သိရသည်။

.

ပြည်နယ်အဆင့် ဌာနဆိုင်ရာ အလိုက် ရေကစားမဏ္ဍပ်များ ပြုလုပ်ရန် စစ်ကောင်စီက စီစဉ်ခိုင်းထားခြင်း ဖြစ်ပြီး ယင်းဌာနဆိုင်ရာများက လုပ်ငန်းရှင်များအား တဆင့် ပြန်လည်စေခိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

.

" ဌာနဆိုင်ရာ မဏ္ဍပ်တွေကို လုပ်ခိုင်းတာ။ သူတို့က အမည်ခံ၊ ကိုယ်တွေက လုပ်ပေါ့။ ဗုံးကွဲတာ မျိုးတွေ ဖြစ်လာမှာလည်း စိုးရိမ်ရသေး၊ နောက် ဒလန်လို့ သတ်မှတ်ခံရမှာလည်း စိုးရိမ်ရနဲ့။ မလုပ်ဘူးလို့ ငြင်းရင်လည်း အဖမ်းခံရဦးမယ်။ မလုပ်ရဖို့အတွက် တတ်နိုင်သလောက်တော့ ရှောင်နေရတာပေါ့။" ဟု တောင်ကြီးမြို့ခံ လုပ်ငန်းရှင် တစ်ဦး က ပြောသည်။



COVID-19 ကပ်ရောဂါနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများအရ သင်္ကြန်ပွဲတော် မကျင်းပနိုင်သည်မှာ ၂ နှစ် ရှိပြီ ဖြစ်ရာ ယင်းအခြေအနေအား အသုံးချ၍ သင်္ကြန်ပွဲတော် ပြုလုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်ရန် စီစဉ်နေခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး လေ့လာသူ တစ်ဦးက သုံးသပ်သည်။

.

" ၂၀၁၉ မှာ လုပ်ခဲ့ပြီးတဲ့ နောက်ပိုင်း ကိုဗစ်ရော၊ အာဏာသိမ်းတာရောဆို သင်္ကြန် မလုပ်ဖြစ်ဝာာ ၂ နှစ် ရှိပြီ။ ရိုးရာနဲ့ တခြားဟာတွေ အကြောင်းပြပြီး လုပ်ဖို့ စီစဉ်တာ ဖြစ်နိုင်ပါတယ်။ တကယ်တမ်းတော့ မလုပ်သင့်တဲ့ ကာလပေါ့။ သူ့ဘက်၊ ကိုယ့်ဘက် မျှတွေးမယ်ဆိုရင်တောင် ခုချိန်က နှစ်ဘက်လုံးအတွက် အဆင်ပြေနေတဲ့ ကာလ မဟုတ်နေဘူး။ တကယ် လုပ်မယ်ဆိုရင် ဒါဟာ နိုင်ငံရေး အမြတ် ထုတ်တာလို့ပဲ သုံးသပ်ပါတယ်။ " ဟု ၎င်းက ပြောသည်။

.

တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော်ကာလအတွင်း ဗဟိုမဏ္ဍပ်၊ ရွှေနေကြာမဏ္ဍပ်၊ ငြိမ်းချမ်းရေးမဏ္ဍပ် အပါအဝင် ဌာနဆိုင်ရာအလိုက် မဏ္ဍပ်များ ပြုလုပ်‌လေ့ ရှိသည်။

Journal Download

Photo of three cats