တောင်ကြီးမြို့တွင် တစ်ညအတွင်း လူငယ် ၆ ဦးထက် မနည်း ဖမ်းဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးမြို့တွင် တစ်ညအတွင်း လူငယ် ၆ ဦးထက် မနည်း ဖမ်းဆီးခံရ


ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့တွင် ယမန်‌နေ့ မတ်လ ၃ ရက်၊ ညပိုင်းက လူငယ် ၆ ဦးထက် မနည်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရသေးကြောင်း တောင်ကြီးမြို့ရှိ ထောက်ပို့တပ်ဖွဲ့ဝင်များထံမှ သိရသည်။

.

တောင်ကြီးမြို့တွင် မတ်လ ၂ ရက်၊ ညပိုင်းအချိန်က မီးပုံးပျံကွင်း အနီး သံလမ်းရှိ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲ၊ ယာဉ်ထိန်း ပူးပေါင်းစစ်ဆေးရေးဂိတ်အား လက်ပစ်ဗုံး ၂လုံး ပစ်ထည့်ခံရပြီးနောက် စစ်ကောင်စီမှ CCTV မှတဆင့် လိုက်လံရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ရာမှ လူငယ် ၆ ဦးထက်မနည်း ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ထောက်ပို့တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

.

"၃‌ ယောက်ကို သတင်း အတိအကျရပြီး သူတို့တည်းခိုနေတဲ့ နေအိမ်အထိ တံခါး လာခေါက်ပြီး ဖမ်းခေါ်သွားတာ။ နောက်တစ်ယောက်ကိုလည်း အဲဒီအတိုင်းပဲ သူ့အိမ်မှာ လာခေါ်သွားတာ။ နောက်တစ်ယောက်ကတော့ မြကန်သာနားမှာ အိမ်စီးကား နှစ်စီးနဲ့ ပိတ်ပြီး ဆွဲခေါ်သွားတာ။ ကျန်တဲ့ တစ်ယောက်က ဘယ်လို ဖမ်းခံရတယ်ဆိုတာ မသိရသေးပေမယ့် ဖမ်းခံရတာတော့ သေချာတယ်။ တခြား ဖမ်းဆီးရတဲ့ သူတွေလည်း ရှိရင်ရှိနေနိုင်တယ်။ လောလောဆယ်မှာ ၆‌ ယောက်ပေါ့။ ဆက်စပ်သူတွေရဲ့ လုံခြုံရေး အခြေအနေအရ နာမည်တွေကိုတော့ မထုတ်ပြန်သေးဘူး။ ဆက်စပ်သူတွေ အနေနဲ့ အမြန်ရှောင်ကြဖို့ သတိပေးချင်တယ်။ ဖမ်းခံထားရတဲ့ လူတွေကလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်တယ်" ဟု ၎င်းက ပြောသည်။

.

အဆိုပါ ဖမ်းဆီးခံရသည့် လူငယ်များသည် အသက် ၁၉ နှစ်မှ ၂၈ နှစ်အတွင်း ရှိသူများ ဖြစ်ကာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး ပါဝင်ပြီး ၎င်းတို့၏ ဖုန်းများနှင့် ငွေသားများပါ သိမ်းဆည်းခံလိုက်ရသည်ဟု သိရသည်။

.

ရက် အနည်းငယ်ကြာ တော်လှန်ရေး လှုပ်ရှားမှု ငြိမ်သက်နေခဲ့သည့် တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်၊ ညပိုင်းအချိန်က တောင်ကြီးမြို့မဈေးခေါင်း ဦးခင်အေး၏ နေအိမ်အား လက်ပစ်ဗုံး နှစ်လုံး ပစ်ထည့်ခံခဲ့ရသလို မတ်လ ၂ ရက်၊ ညပိုင်းက မီးပုံးပျံကွင်းအနီးရှိ သံလမ်းစစ်ဆေးရေးဂိတ်အား လက်ပစ်ဗုံး ၂ လုံး ပစ်ထည့်ခံရပြီးနောက် စစ်ကောင်စီမှ မြို့တွင်း၌ အပူတပြင်း လိုက်လံရှာဖွေဖမ်းဆီးနေလျက်ရှိပြီး မြို့တွင်း၌လည်း စစ်ဆေးမှုများကို ပိုမိုတင်းကြပ်စွာ ပြုလုပ်လျက် ရှိသည်။

Journal Download

Photo of three cats