မိုင်းပန်မြို့ရဲစခန်းဝန်းအတွင်း လောင်းကစားပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းပန်မြို့ရဲစခန်းဝန်းအတွင်း လောင်းကစားပြုလုပ်



မိုင်းပန်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းဝန်းအတွင်း လောင်းကစားဝိုင်းများ ဖွင့်ပေးပြီး ရန်ပုံငွေရှာယူနေကြောင်း သိရသည်။ 

.

မိုင်းပန်မြို့ ရဲစခန်းတွင်းရှိ မိုင်းစံစေတီ ပြုပြင်မွမ်းမံ ထီးတင်ပွဲ ပြုလုပ်ရန် အကြောင်းပြပြီး မတ်လ ၁၅ ရက်မှ စပြီး ယနေ့ထိတိုင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားကြောင်း မိုင်းပန်မြို့မှ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

.

“ ရဲစခန်းထဲမှာ ရှိတဲ့ စေတီကို ထီးတင်ပွဲ အကြောင်းပြပြီး လောင်းကစားဝိုင်းတွေ ဖွင့်နေတာ။ ရန်ပုံငွေ ရှာတယ် ဆိုပြီးတော့ ရဲတွေ ဦးဆောင်ပြီး ဖွင့်ပေးတာ။ သွားဆော့တဲ့ သူတွေလည်း အများကြီးပဲ။ ရဲတွေလည်း အရပ်ဝတ်နဲ့ ဝင်နေတယ်။ ယူနီဖောင်းနဲ့တော့ လာတာ မတွေ့ဘူး” ဟု မိုင်းပန်မြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ 



စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းပန်မြို့တွင် လောင်းကစားကို ပထမဦးဆုံး ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ လောင်းကစားများကို ဖွင့်လှစ်ပေးပါက ခိုးယူ လုယက်မှုများ၊ ဓားပြတိုက်မှုများ ရှိလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

.

ထို့အပြင် လက်ရှိအချိန်မှာ မိုင်းပန်မြို့တွင် COVID-19 ပိုးတွေ့လူနာ ရှိနေသေးကြောင်း သိရသည်။ 

.

“ဒီလောင်းကစားပွဲက ထပ်ရှိလာမယ် ထင်တာပဲ။ နောက်ကျရင် ရှင်လောင်းပွဲ ရှိသေးတယ်။ အဲ့ပွဲကျရင် လောင်းကစားပွဲ ထပ်ရှိမယ် ထင်တယ်။ လောင်းကစားပွဲ လုပ်ရင် လူတွေက ခိုးယူလုယက်တာတွေ၊ ဓားပြတိုက်တာတွေ ရှိလာမှာကို ကြောက်တာပေါ့။ သတင်းမှာ ကြည့်နေတာဆို လောင်းကစားက ကောင်းကျိုးပေးတာမှ မရှိတာ။ ပြီးတော့ ကျနော်တို့ မြို့မှာက ကိုဗစ် လူနာတွေကလည်း ရှိနေသေးတယ်” ဟု မိုင်းပန်မြို့ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။ 


အဆိုပါ လောင်းကစားပွဲကို မတ်လ ၁၅ ရက်နေ့မှ စပြီး မတ်လ ၂၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ 

.

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်အကြာ ရှမပြည်အတွင်း လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ခိုးယူလုယက်မှုများ၊ ဓားပြတိုက်မှုများ ယခင်ထက် ပိုမို များပြားလာပြီး ပြည်သူများအနေဖြင့်လည်း လုံခြုံမှု မရှိတော့ကြောင်း သိရသည်။

Journal Download

Photo of three cats