ရှမ်းပြည်နယ်တောင်ပိုင်းရှိ ၆၆ကေဗွီ/၃၃ကေဗွီ ဓါတ်အားခွဲရုံများနှင့် ၆၆ကေဗွီ/၃၃ကေဗွီ ဖီဒါများမှ အုပ်စု ၄ စု ခွဲ၍ အလှည့်ကျ လျှပ်စစ်ဓါတ်အား (မီး) ပေးသည့် အချိန်ကို ယနေ့ မတ်လ ၂၂ ရက်တွင် ထပ်မံ ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း သိရသည်။
.
ယခု ပြင်ဆင်သတ်မှတ်သည့် နာရီစဉ်မှာ ၆ ချိန် ဖြစ်လာသော်လည်း အုပ်စု ၄ စုအနက် အုပ်စုအချို့တွင်သာ ဓါတ်အား အသုံးပြုနိုင်မည့် အချိန် ၄ နာရီခန့် အသုံးပြုနိုင်မည် ဖြစ်သည်။
.
ထို့အပြင် အလှည့်ကျ ဓါတ်အားပေးရာတွင် ဝန်အား နိုင်နင်းမှု မရှိ၍ ဓါတ်အား စနစ်မှ မဖြစ်မနေ ဝန်အား လျှော့ချရမည် ဆိုပါက ဒုတိယ အုပ်စုအား ဝန်အား လျှော့ရမည်ဟု ဖော်ပြထားသဖြင့် အုပ်စု ၂ ခုတွဲ ဓါတ်အားပေးမည့် အခြေအနေမှာ မသေချာပေ။
.
အဆိုပါ အုပ်စုများအား A၊ B၊ C၊ D ဟူ၍ သတ်မှတ် ခွဲခြားထားသော်လည်း မည်သည့် မြို့နယ်/ဒေသများ ပါဝင်သည်ကို ဖော်ပြထားခြင်း မရှိသဖြင့် စစ်ကောင်စီ အလိုကျ မီးပေးသည့်စနစ်သာ ဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။
.
" အချိန်ဇယားနဲ့ လုပ်လာတော့ တကယ် တိတိကျကျ ပေးမယ်လို့ ထင်ရင် မှားသွားမယ်။ သူ လာချင်တဲ့အချိန် လာမယ်၊ မလာချင်ရင် မလာဘူး။ စစ်ကောင်စီ အလိုကျပဲ။ သူတို့ လုပ်ချင်ရာ လုပ်တာမို့ အာဏာရှင် လက်အောက်မှာ ခံလိုက်ကြတာပေါ့။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့နယ်၌ ယမန်နေ့ မတ်လ ၂၁ ရက် တစ်ရက်အတွင်း လျှပ်စစ်ကြောင့် မီးလောင်ကျွမ်းမှု ၂ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ရသည်။