အတက်ကြမ်းတွေ ကြားက မွှေးလည်း ဈေးတက်တယ် (ဆောင်းပါး) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

အတက်ကြမ်းတွေ ကြားက မွှေးလည်း ဈေးတက်တယ် (ဆောင်းပါး)


ဂျာအေးနဲ့ သူ့အမေ ဘယ်လို ရိုက်တယ်တော့ မပြောတတ်ဘူး။ ဂျာအေး သူ့အမေ ရိုက် ဆိုတာနဲ့ လုံးချာလည် လိုက်တယ်လို့တော့ ဆိုကြတာပဲ။ အခုလည်း ကြည့် လုံးချာလည် လိုက်နေကြတာ။လျှပ်စစ်မီးတွေ ပျက်လို့၊ စက်သုံးဆီဈေး မတန်တဆ တက်လို့၊ လမ်းပန်းဆက်သွယ်ရေးကြန့်ကြာလို့၊ ကုန်စည် စီးဆင်းမှု ခက်ခဲ ပြတ်တောက်လို့။ ဒီလို အကြောင်းပေါင်း များစွာ ဂျာအေးနဲ့ သူ့အမေ ရိုက်တော့ စားသောက်ကုန်၊ လူသုံးကုန်အစစအရာရာ သဒ္ဒါတရား ထက်သန်စွာနဲ့ မိုးထိုးပြီးခေါင်ခိုက်ကုန်ပါလေရော။

.

တစ်ရက်တစ်ရက် အိတ်ထောင်ထဲ ရှိတယ်ပြောလို့ရသေးတဲ့ ဖွတ်ကလိ အသပြာလေးက နေ့ချင်းညချင်းတန်ဖိုး မြင့်တက်လာတယ် ပြောရမလား။ ကြက်ဥ ဝယ်လည်း မနေ့က ဈေးနဲ့ မရတော့ဘူး။ ငုံးဥ ဝယ်လည်း လာမပြောနဲ့ ဈေးတက်ပြီးသား။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ သွားကြားထိုးတံ ရှိရှိသမျှ အားလုံးအကုန် သောက်ကျိုးနည်းတွေချည်း။ နေ့စဉ်ဝင်ငွေသာ တိုးမလာတာ။ ထွက်ငွေကတော့သိကြားမင်းစ ည်းစိမ်တောင် မျက်ဖြူဆိုက်တော့အတိုင်း။ ဘပုတို့ စေတနာမိုး ရွာသွန်းတဲ့ ကံကံ၏ အကျိုးတွေပေါ့။ မောင်မင်းကြီးသား သကောင့်သားများ ပြည်သူတွေ တောင်းတဲ့ဆုနဲ့ အမြန်ဆုံး ပြည့်ကြပါစေရယ်။

.

အတက်ချည်းပဲလား။ ကျတာ ဘာများ ရှိတုန်းတဲ့၊ ရှိပါတယ်။ ကိုယ်စီကိုယ်စီ ရင်ဝယ်ပိုက်ပြီး ရှိကြပါတယ်။ အလုံးအရင်းနဲ့ စိတ်ဓာတ်တွေလေ။ ငရဲကြီး ရှစ်ထပ်အောက်ဆုံး မရောက်အောင် တွေ့ကရာ ဒေါက်နဲ့မနည်းကျားကန် ထားကြရတာ။ အရင်က ဆန်ကောင်း ဆန်ဖြူ စားနိုင်တဲ့လူက အခုအလတ်စားလေးနဲ့။ ဆန်လတ်လေး စားနိုင်ခဲ့တဲ့ လူတွေက ကြမ်းကြမ်းလေး ဖြစ်၊ ဆန်ကြမ်း နပ်မှန်အောင် ရုန်းကန်ခဲ့ရတဲ့လူတွေက အခုဆန်ကွဲနဲ့ အောက်ကြုံးဆန်။

ကျေးဇူးတွေ ကြီးမားလိုက်ပုံများ ပြောပါတယ်။ ဒါတောင် ရာဇအိန္ဒြေပျက်မှာ စိုးလို့ မသိမသာလေး ငတ်နေတာ တစ်ပုံကြီး။

.

လူ့ဘုံခန်းဝါ ရွှေမြန်မာမှာ လျှပ်စစ်မီး ပျက် ဆီဈေးတက်။ ကုန်ဈေးနှုန်းက ရှယ်နှိပ်စက် ဆိုသလို ကြုံရဆုံရ ဘုံဘဝ အကုန်အကျတွေ များလိုက်ပုံ။ ကျေးဇူးကို မျှော်ရည်ရအောင်လည်း မူးလို့ ရှုစရာ မရှိဘူးတဲ့။ အရပ်တစ်ခွင် တက်ရိပ်ပြနေတဲ့ ရွှေပြည်ကြီး ကြာရင်လကမ္ဘာပေါ် ရောက်မှာတောင် စိုးရတယ်။ စာအုပ်စာပေနဲ့ မိတ်ဖွဲ့စရာ မလိုဘဲ မျက်လုံးထဲ မြင်လေရာတက်ကျမ်းတွေချည်း ဖြစ်နေတယ် ပြောမလား ဒီလိုဒီကြားထဲ လောင်မီးကျ နေရောင်ကို ဂျက်ဆီဂျိမ်း လုပ်ရင်း အရိပ်လေးထဲ ထိုင်တုန်း ပြေစာလေးတစ်ရွက် ရောက်လာတယ်။

.

တောင်ကြီးမြို့နယ်၊ အမှိုက်သိမ်းဆည်းရေးဆောင်ရွက်နေတဲ့ ကုမ္ပဏီက ငွေတောင်းစာ။ လစဉ်လတိုင်း မပျက်မကွက် လာနေတဲ့ ပြေစာလေး တစ်စောင်ပေါ့။ အမျိုးသမီးဝန်ထမ်းလေး ကမ်းပေးလာတဲ့ ပြေစာကို လှမ်းယူလိုက်တယ်။ ထုံးစံအတိုင်းမပြေလည်တဲ့ ကြားက မြန်မာငွေကျပ် ၂၀၀၀ တိတိ ထုတ်ပေးလိုက်ပါတယ်။ 

ဝန်ထမ်းအမျိုးသမီးလေးက မချိုမချဉ် မျက်နှာပေးလေးနဲ့ ပြောတယ်။ အမှိုက်သိမ်းဆည်းခ ဈေး တက်သွားပါပြီတဲ့။ သူပြောမှလက်ထဲက ပြေစာလေး ကြည့်မိတော့ အမှိုက်သိမ်းဆည်းခ အခွန်ငွေ ၃၀၀၀ ကျပ်။

.

သောက်ကျိုးနည်းပေါ့။ ဒါတောင် ပုံမှန် လူနေအိမ်တွေဆို အခု ၄၀၀၀ ကျပ် ဖြစ်သွားပြီလို့ ဆက်ပြောပါတယ်။ နိုင်ငံကြီးသား ပီသအောင် (ဟုတ်တာ မဟုတ်တာ အသာထား) အခွန်အခတွေ ပေးဆောင်ရမယ်လို့ ဆိုကြတယ်။ ဆောင်လည်း ဆောင်ကြပါတယ်။ ကိုယ်တိုင်လည်း ပေးဆောင်ခဲ့ပါတယ်။ ခက်နေတာက နေ့စဉ် ကျန်ကျောင်းအိတ် တစ်လုံးစာ အမှိုက်ပစ်နေတယ် ဆိုထားတော့။ အခု ကိုယ့်ဆိုင်ရဲ့အနေအထားက တစ်လနေလို့ ကျန်ကျောင်းအိတ်တစ်လုံးစာ အမှိုက် မထွက်ဘူး။ ကွန်ပျူတာ ဆော့ဝဲလ် သီးသန့်လုပ်နေတဲ့ ဆိုင်။

.

ဒါနဲ့ ဝန်ထမ်းအမျိုးသမီးကို အကျိုးအကြောင်း ပြောပြတယ်။ ဆိုင်ရဲ့ အနေအထား အလုပ်အကိုင်ကလည်း သူတို့မျက်မြင်။ လွန်ရောကျွံရော စီးကရက် အစီခံလောက်က လွဲပြီး ကျန်တဲ့အမှိုက်က မယ်မယ်ရရ ပစ်စရာကိုမရှိဘူး။ ဘာအခွန်အခမှ မဆောင်ဘဲ ကားကြီးကားငယ် အသွယ်သွယ်နဲ့ လမ်းထိပ်အမှိုက်ပုံးမှာ လာပစ်နေတာတွေ တစ်ပုံကြီး။ ကိုယ့်ဆိုင်အခြေအနေက သူတို့တောင်းခံနေတဲ့ အခွန်အခ မတောင်းဘဲ ထားရင်တောင် ရနိုင်တဲ့ အနေအထား။ အဲဒီတော့ ကြည့်လည်းလုပ်ပါဦး ညီမရယ်ဆိုတော့။

.

အထက်ကို ပြန် တင်ပြပေးပါမယ်တဲ့။ အမှန်တော့ကိုယ်တာဝန်ယူထားတဲ့အပိုင်းကို နဂိုတည်းကအခြေနေမှန်လေ့လာသုံးသပ်ရမှာ။ အခုတော့ အောက်ခြေ ဝန်ထမ်းကလည်း လစာရ ပြီးရော ရော့ပြေစာ ပေးပိုက်ဆံ ဆိုတဲ့အထာ သူပြောတဲ့ သက်ဆိုင်ရာ အထက်ဆိုတဲ့ ဟာတွေကလည်း ပိုက်ဆံရရင် ပြီးရော။ အမှန်တကယ် ဒီအတိုင်းအတာ ကောက်ခံသင့် မကောက်ခံသင့် ဘာတစ်ခုမှ နားလည်ပုံ မရကြဘူး။စက်သုံးဆီဈေး တက်တယ်၊ လက်ခံတယ်။ လူတိုင်းကိုယ်စီ ကြုံတွေ့နေရတဲ့ ကိစ္စ။ လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်တယ်။ ဒါလည်း ပြည်သူအားလုံးလက်ရည်တစ်ပြင်တည်း။

.

မကောက်နဲ့ မပြောပါဘူး၊ ကောက်ပါ။ ဒါပေမယ့်သင့်တော်အောင်တော့ လုပ်ကြပါ။ ပြေစာတစ်စောင်မြန်မာငွေ ၁၀၀၀ တက်တာတော့ နည်းနည်းများ ကြမ်းနေသလားလို့ တစ်စောင် ၅၀၀ ကျပ်လောက် တက်ကြည့်။ တောင်ကြီးမြို့ပေါ် ကောက်ခံနေတဲ့အိမ်ခြေ အရေအတွက်နဲ့ ကြည့်ရင် ကုန်ကျစရိတ် ဖာမိ‌ထေးမိလောက်တော့ ရှိနိုင်ပါသေးတယ်။

အခုတော့မွှေးရယ် အခွန်ကောက်က ရက်စက်လွန်းတယ်။ ဘပုနဲ့ အမျိုး တော်နေသလားလို့ မေးလိုက်ချင်ပါရဲ့။ ။

Journal Download

Photo of three cats