ရဲဘော်ဝေယံမိုး စိတ်ဓာတ် ကိုင်ဆွဲ တိုက်ပွဲဝင်ကြ၊ သွေးမအေးကြောင်း တော်လှန်သော သက်သေ ပြကြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရဲဘော်ဝေယံမိုး စိတ်ဓာတ် ကိုင်ဆွဲ တိုက်ပွဲဝင်ကြ၊ သွေးမအေးကြောင်း တော်လှန်သော သက်သေ ပြကြ

တောင်ကြီးမြို့ စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြမှု အကြမ်းဖက် ဖြိုခွင်းခံရခြင်း တစ်နှစ်ပြည့် ဖြစ်ရပ်မှန် ဆောင်းပါး

တောင်ကြီးမြို့မှာ စစ်အာဏာသိမ်းမှု အလို မရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတဲ့ ပြည်သူလူထုကို အာဏာသိမ်း စစ်‌ကောင်စီရဲ့ လက်ကိုင်တုတ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲည ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာ အကြမ်းဖက် ဖြိုခွင်းမှူတွေ လုပ်‌ဆောင်ခဲ့တာပါ။

.

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း အထက (၁) အနီး ဖြိုခွင်းမှု နဲ့ မြကန်သာအဝိုင်း ဖြိုခွင်းမှု ပုံရိပ်တွေကို ဆန္ဒပြမှာ တက်ကြွစွာ ပါဝင်ခဲ့ဖူးတဲ့ တောင်ကြီးသူ/သားတိုင်း မျက်စိထဲ စွဲထင်ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ အဲအချိန်က စပြီး ဆန္ဒပြမှုတွေကို အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေဟာ ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတော့တယ်။ အခုကာလအထိ တောင်ကြီးမြို့မှ တက်ကြွ လှုပ်ရှားသူ ကျောင်းသား/သူ၊ ပြည်သူပေါင်း ရာနဲ့ချီ ဖမ်းဆီး ခံနေကြရပြီး၊ သူရဲကောင်းအာဇာနည်များလည်း တော်လှန်ရေး တာဝန်များကိုထမ်းရွက်ရင်း အသက် ပေးလှူခဲ့ကြရပါတယ်။


ဒီ အထဲမှာ “ရဲဘော် ဝေယံမိုး” (အသက် ၂၂ နှစ်) လည်း အပါအဝင် ဖြစ်ပါတယ်။ ရဲဘော် ဝေယံမိုး ဟာ တောင်ကြီးမြို့အထွေထွေသပိတ်စစ်ကြောင်းမှ ရဲဘော် တစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်၊ ည ၁၁ နာရီ ၃၈ မိနစ်မှာ ဂုဏ်ရောင်ပြောင်စွာကျဆုံးခဲ့ရပါတယ်။ မတ်လ ၂၈ ရက် မတိုင်မီ မတ်လ ၂၅ ရက်ကလည်းပဲ ကံသာရပ်ကွက်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှူကြောင့် ပြည်သူ ၂ ဦး ကျဆုံးခဲ့ရပါတယ်။ အဲဒီ ကျဆုံးသူရဲကောင်း ၂ ဦးရဲ့ အမည်နဲ့ အသက်ကိုမူ စုံစမ်းမှု မရှိစေဖို့ စစ်ကောင်စီက အလောင်း လုယူ ဖျောက်ဖျက်ခဲ့ပါတယ်။ ကျဆုံးလူငယ် ၂ ဦးဟာ ဦးခေါင်း နဲ့ ရင်ဘတ်မှာ ကျည် ထိမှန် ကျဆုံးခဲ့တာပါ။ အဆိုပါ အညတရသူရဲကောင်း ၂ ဦးကိုလည်း ဤနေရာမှပင် အလေးအနက် ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။

.

ထိုနေ့ (၂၀၂၁ ခုနှစ်၊ မတ်လ၂၈ ရက်၊ တနင်္ဂနွေနေ့) မှာ သပိတ်စစ်ကြောင်းဟာ အာရုဏ်ဦးသပိတ်အနေနဲ့ မနက် ၄ နာရီခွဲမှာ စ ထွက်ခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂစစ်ကြောင်း အပါအဝင် တမြို့လုံးက သပိတ်ဦးဆောင်တဲ့ အဖွဲ့ပေါင်း ၈ ဖွဲ့ အတူ ချီတက်ခဲ့ကြပါတယ်။ အဲ့အချိန်မှာ အထွေထွေသပိတ်စစ်ကြောင်း မပါဝင်ပါဘူး။ အထွေထွေသပိတ်စစ်ကြောင်းဟာ သူတို့ ကိုယ်တိုင် သီးခြားနေရာမှာ တာဝန်ယူဖို့ ရွေးချယ်ခဲ့ကြပါတယ်။ တောင်ကြီး တစ်မြို့လုံးက သပိတ်ဦးဆောင်တဲ့ အဖွဲ့တွေ ပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီကို ခုခံတွန်းလှန်ရေး အစီအစဉ် တစ်ရပ်ကိုရေးဆွဲ အကောင်အထည် ဖော်ခဲ့ကြပါတယ်။


တောင်ကြီးမြို့ အခြေစိုက် သပိတ်ဆိုင်ရာ စစ်ကြောင်းတွေ၊ ကော်မတီတွေက စစ်ကြောင်းတစ်ခုတည်းကို အတူတူ သွားဖို့ စဉ်းစားချက် ရှိ‌ပေမယ့် ထွေထွေသပိတ်စစ်ကြောင်းက သူတို့ အစီအစဉ်အရ ချယ်ရီကွင်းဟိုတယ် နားမှာ တာဝန်ယူခဲ့ပါတယ်။အခြားသပိတ်အဖွဲ့နဲ့ သမဂ္ဂ သပိတ်စစ်ကြောင်းတွေကတော့ 212 ရဲဘော်စျေး အနီးက လမ်းတွေနဲ့ နေရာအနှံ့မှာ နေရာယူပြီး ခုခံတွန်းလှန်ရေး အစီအစဉ်တွေ လုပ်ဆောင်ဖို့ အသင့် ဖြစ်နေပါတယ်။ ခုခံစစ် ဆိုပေမယ့် လက်နက်အရ တော်လှန်ရေး အင်အားစုမှာ လေးခွထက် ကြွေးကြော်သံနဲ့ အလံတိုင်ကသာ အဓိက လက်နက်အနေနဲ့ ရှိနေခဲ့တာပါ။

.

သမဂ္ဂစစ်ကြောင်းဟာ ရဲ‌တွေကို မြှားခေါ်တဲ့ တပ်ဦး အဖြစ် ရှေ့ဆုံးမှာ နေရာ ယူရပါတယ်။ အခြားသပိတ် အဖွဲ့‌တွေက အစီအစဉ်အရ နောက်မှာပြန်လည် ခုခံဖို့ နေရာဖြန့်ကျက် ပုန်းအောင်းနေခဲ့ကြပါတယ်။ မနက် ၄ နာရီခွဲက စတင် စောင့်သော်လည်း မနက် ၉ နာရီခွဲသည်အထိ စစ်ကောင်စီ လက်ကိုင်တုတ်တွေဟာ ရောင်လာခြင်း မရှ်ိတဲြအတွက်ကြောင့် ပုန်းအောင်နေတဲ့ သပိတ်အဖွဲ့တွေဟာ မူလ အစီအစဉ်ကို ဖျက်ပြီး  ပြန်ရန် လူစု ခွဲနေစဉ်မှာပဲ စစ်ကား‌တွေနဲ့ ဖြိုခွင်းဖို့ လာနေပြီ ဖြစ်ကြောင်း ကင်းထောက်အဖွဲ့က လှမ်း သတိပေးခဲ့ပါတယ်။

.

အခြေအနေတွေဟာ မူလအစီအစဉ်အတိုင်း စနစ်တကျ မဖြစ်တော့ဘဲ အတော် ရှူပ်ထွေးသွားပါတယ်။ သပိတ် ၈ ဖွဲ့လုံး နေရာ ပြန်ယူနေချိန် အဆင်သင့်မဖြစ်ခင်မှာပင် စစ်ကား‌တွေ ရောက်လာပြီးတော့ ဘာသတိ‌ပေး ကြေညာတာမျိုးမှ မလုပ်ဆောင်ဘဲ သေနတ်‌တွေနဲ့ ရက်စက်စွာ အဆက်မပြတ် ပစ်ခတ်ခဲ့ပါတယ်။

အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းရာမှာ ရာဘာကျည် အပြင် ကျည်အစစ်ကိုပါ အသုံးပြုခဲ့ကြတဲ့ အပြင် မျက်ရည်ယို ဗုံးတွေနဲ့လည်း အဆက်မပြတ် ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။

.

သပိတ် အဖွဲ့ဝင်တွေဟာ ပြေးသူက ပြေး၊ မိုလိုတောပ့် အသုံးပြုတာ၊ ဒိုင်းနဲ့ ကာပြီး ပြန်လည် ခုခံတာ‌တွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း စစ်ကောင်စီရဲ့ ပြင်းထန်စွာ အကြမ်းဖက် နှိမ်နင်းမှုကို အချိန် အနည်းငယ်သာတောင့်ခံနိုင်ခဲ့ပါတယ်။ ပြန်လည်ခုခံဖို့ ပုန်းအောင်နေတဲ့ အဖွဲ့‌တွေဟာလည်း အစောပိုင်း ကစဉ့်ကလျား အခြေအနေကြောင့် ပုံစံ ပျက်နေခဲ့ရတဲ့ အတွက် ပြင်ဆင်ချိန်မရဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြရပါတယ်။

.

တပ်ဦးအနေနဲ့ တာဝန်ယူရတဲ့ သမဂ္ဂသပိတ်စစ်‌ကြောင်းမှာ ပြင်ပအရပ်သား‌တွေနဲ့ သာမန် လေ့ကျင့် မထားတဲ့ကျောင်းသားတွေ အန္တရာယ် ကင်းစေလိုတာကြောင့် ပါဝင်ခွင့် မပြုခဲ့ဘဲ ပြန်လည် ခုခံဖို့အတွက် တစ်ပတ်ကျော် အချိန်ယူ လေ့ကျင့်ထားတဲ့ သူများကသာ အဖွဲ့အလိုက် သက်ဆိုင်ရာ ဆောင်ရွက်မယ့် တာဝန်‌တွေကို လုပ်ဆောင်ဖို့ သပိတ်စစ်ကြောင်း ထွက်ခဲ့ပါတယ်။ အဲဒီလို လေ့ကျင့်ထားသူတွေပဲ သပိတ်စစ်ကြောင်းမှာ ပါဝင်တာကြောင့်လည်း အချိန် တစ်ခုထိ ပြန်လည်ခံနိုင်ခဲ့တာ ဖြစ်ပါတယ်။


လေ့ကျင့်မှုမှာ ပြန်လည်ဆုတ်ခွာတာကိုပါ လေ့ကျင့်ထားတာကြောင့် တပ်ဦးဟာ ဖမ်းဆီး ခံရသူမရှိဘဲ အားလုံး လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ်ြ ကြွက် မနိုင်၊ ကျီ မီးနဲ့ ရှိူ့တဲ့ ဖက်ဆစ်စရိုက် အပြည့်နဲ့ စစ်‌ကောင်စီရဲ့လက်ကိုင်တုတ် ရဲနဲ့ စစ်သားတွေဟာ ရပ်ကွက်အနှံ့ တစ်အိမ်ဝင်၊ တစ်အိမ်ထွက်ပုန်းအောင်းနေသူတွေကို လိုက်ရှာခဲ့ပါတယ်။ စစ်အာဏာရှင်ကို ရွံမုန်းကြတဲ့ ရပ်ကွက်နေ ပြည်သူ၊ နေအိမ်‌တွေရဲ့ ကူညီပေးမှုကြောင့် ဖမ်းဆီး မခံခဲ့ရပါဘူး။ တာဝန် ကျေပေးခဲ့ငြတဲ့ တောင်ကြီးမြို့သူ/သားတွေကို ကျေးဇူး အရမ်းတင်ပါတယ်။ အိမ်တွေမှာ မတွေ့ရတဲ့ စစ်ကောင်စီ လက်ကိုင်တုတ် လူရမ်းကားတွေဟာ ဘုန်းကြီးကျောင်းဝန်းထဲနှင့် အပြင်မှာ ရပ်ထားတဲ့ ပြည်သူပိုင် ကားတွေကို ဖျက်ဆီးခဲ့တဲ့ အပြင် ပြည်သူပိုင် ဆိုင်ကယ်‌တွေကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် ခိုးဆိုးလုယက် ဗီဇနဲ့ စစ်ကောင်စီတပ်တွေဟာ နောက်ဆုံးပေါ် click ဘီး ဆိုင်ကယ် ၂ စီးကို ခိုးယူသွားခဲ့ပါသေးတယ်။

.

တပ်ဦးအဖြစ် တာဝန် ယူထားရတဲ့ ကျောင်းသားသမဂ္ဂမှ ရဲဘော်များမ ပြန်လည် စုစည်းပြီးချိန်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ကိုင်တုတ် အဖွဲ့ဟာ မြို့မရပ်ကွက်ကို အင်အား အလုံးအရင်း သုံးပြီး သွားရောက် ဖြိုခွင်းနေချိန် ဖြစ်နေပါတယ်။ နောက်ပိုင်း ပြန် ကြားသိရတာက မြို့မရပ်ကွက်က ပြည်သူများဟာ 212 ရဲဘော်ဈေးမှာ သပိတ်စစ်ကြောင်းတွေပိ တ်ဆို့ ပစ်ခတ် ခံနေရချိန် ရှိရာလူ စုပြီး စစ်ကြောင်းတစ်ကြောင်း ထွက်လာခဲ့ကြတာပါပဲ။ ဒါ့အပြင် ရတနာသီရိ၊ ချမ်းမြသာစည်၊ စိန်ပန်း စတဲ့ ရပ်ကွက်တွေမှာလည်း လမ်းအလိုက် စစ်ကြောင်းငယ်တွေ ထွက်လာပြီး အာဏာသိမ်း စစ်အုပ်စုကို ဗျာများသွားအောင် လုပ်ဆောင်ခဲ့ကြပါတယ်။

ဒီနေရာမှာ တောင်ကြီးမြို့က လူတွေရဲ့ စည်းရုံးညီညွတ်မှူကို အတိုင်းသား မြင်လိုက်ရတာပါ။ 

.

212 ရဲဘော်ဈေး ဖြိုခွင်းခံရမှု အပြီး သမဂ္ဂစစ်ကြောင်းမှ အချို့ရဲဘော်များ အိမ်ပြန်ခဲ့ကြပါတယ်။ ကျန်နေသေးတဲ့ ရဲဘော်တွေက ပြည်နယ်ရဲရုံး ကို ဝိုင်းဝန်း ပိတ်ဆို့ဖို့ ဆုံးဖြတ်ကြပြီး ပြည်နယ်ရဲရုံးကို ချီတက်လာခဲ့ကြပါတယ်။ အဲဒီလို ချီတက်လာတဲ့ အချိန် ကံသာရပ်ကွက် အရောက် လမ်းမှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက ထပ်မံစောင့်ဆိုင်းဖြိုခွင်းခဲ့တာကြောင့် ထပ်ပြီး ပိတ်မိခဲ့ရပြန်ပါတယ်။ အဲဒီအချိန် စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကံသာရပ်ကွက်အတွင်း ပြည်သူတစ်ဦး ကျဆုံးခဲ့ပါတယ်။


ဒါပေမယ့် စစ်ကြောင်းကို အလျင်အမြန် ပြန် စုစည်းပြီး ပြည်နယ်ရဲရုံး အထိ ချီတက်ခဲ့ကြပါတယ်။ ရဲရုံးမှာ စစ်ကား ၄ စီး နဲ့ စစ်ကောင်စီ တပ်သား‌တွေကြိုတင် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ခုခံဖို့ ပြင်ဆင်လာတဲ့ ပစ္စည်းတွေနဲ့အတူ သပိတ်စစ်ကြောင်းကို တွေ့လိုက်ရတာကြောင့် အသည်းအသန် လိုက်ဖမ်းပါတော့တယ်။ သို့သော်လည်း ကံတရားက မျက်နှာသာပေးတဲ့ အနေနဲ့ စစ်ကောင်စီရဲ့သတ်ကွင်းအတွင်း ရောက်နေခဲ့သော်ငြား သပိတ်အဖွဲ့ဝင်များဟာ ပြန်လည် ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ နေ့လယ် ၂ နာရီ ဝန်းကျင်မှာတော့ လူစု ပြန် ခွဲနိုင်ခဲ့ပါတယ်။ 

.

အာဏာသိမ်း စစ်ကောင်စီ လက်ကိုင်တုတ်အဖွဲ့ရဲ့ နေ့လယ်ပိုင်း ဖြိုခွင်းမှုဟာ ညအချိန်ထိ အရှိန်အဟုန်မပျက် ရှိနေခဲ့ပါတယ်။ စစ်တပ်ရဲ့ အတွဲလိုက် စက်သေနတ်နဲ့ ပစ်ခတ်သံတွေအပြင် ကျောင်းသားလူငယ်တွေရဲ့ နာကျည်းမှုနဲ့ ကြွေးကြော်သံတွေဟာ မြို့တော် တောင်ကြီးကို ပဲ့တင် ထပ်နေပါတယ်။

တောင်ကြီးမြို့ခံ ပြည်သူတွေဟာလည်း သေနတ်သံတစ်ချက် ကြားတိုင်း မျက်ရည်တွေနဲ့ ဘာသာပေါင်းစုံ ယုံကြည်ကိုးကွယ်မှုအတိုင်း ဆုတောင်းတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

.

အားလုံး ဘေးကင်းဖို့ တိုးညှင်းစွာ ဆုတောင်း ပေးနေတဲ့အသံ‌တွေ၊ မိခင်တွေရဲ့အပူတွေနဲ့ ဒီရက်တွေဟာ တောင်ကြီးမြို့ဟာ ငရဲတမျှပါပဲ။ ကိုဝေယံမိုး မကျဆုံးမီ အချိန်ထိ တောင်ကြီးမြို့အထွေထွေသပိတ်စစ်ကြောင်းဟာလည်း သူ တာဝန်ယူထားတဲ့ ချယ်ရီကွင်းဟိုတယ် အနီးဝန်းကျင်မှာ လူထုကို တော်လှန်သွေးတွေ ဆူပွက်လာအောင် လှူံ့ဆော်ခဲ့ကြပါတယ်။ကျည်ဆန်ဟာ ဦးခေါင်းခွံ တစ်ခုကို ဖောက် မဝင်သွားမီ အထိပေါ့။ ကိုဝေယံမိုး မကျဆုံးမီ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို အနီးစပ်ဆုံး ရဲဘော် တစ်ယောက်က ပြောပြခဲ့ပါတယ်။


“ အရင်ရက်က ကျွန်တော့် ဆိုင်ကယ်နဲ့ သွားနေကြ။လမ်းကြောင်းသင့်တော့ ကျွန်တော်က သူ့ကို ဝင်ခေါ်ပေါ့။ အဲနေ့က ဖြစ်ချင်တာ့ ကျွန်တော့ ဆိုင်ကယ် ပျက်နေတာနဲ့ သူ လာခေါ်တယ်။ မြေဖြူထဲမှာက ကျွန်တော်တို့ ခံတပ်ကို အခိုင်အမာ ဆောက်ထားတာ အဲ့နားသွားပြီး ဆန္ဒထုတ်ဖော်ကြတာပေါ့။ အရင်ရက်တွေလိုပဲ ကြွေးကြော်သံတွေ အော်ကြ။ အဲ့ခံတပ်မှာပဲ တစ်နေကုန်။ ဗိုက်ဆာရင် မုန့်စား လုပ်နေကြတာ။ညနေလောက်ထိ စစ်သားတွေ၊ ရဲတွေ မလာဘူးဆိုပြီး ကြွေးကြော်သံတွေ အော်လိုက်၊ နားလိုက်နဲ့ ဆန္ဒထုတ်ဖော်နေကြတာ အေးဆေးပေါ့။ ညနေ ၅ နာရီခွဲလောက်တော့ ပြန်ကြမယ် စီစဉ်ထားကြတာ။

.

၅ နာရီမှာ စစ်သားတွေ၊ ရဲတွေ ရောက်လာကြတယ်။ရောက်ရောက်လာချင်း ရာဘာကျည်နဲ့ရော ကျည်အစစ်တွေနဲ့ရော ပစ်ကြတယ်။ ကျွန်တော်တို့ ဘက်ကလည်း ရှိတာလေးနဲ့ ပြန် ခုခံကြတယ်။ ပစ်ကြ၊ ခတ်ကြရင်းနဲ့ ကျွန်တော်တို့ အဖွဲ့က ၂ ဖွဲ့ ခွဲထားကြတော့ ချယ်ရီကွင်း လမ်းဘက်မှာ တစ်ဖွဲ့၊ တောင်ဘက်တစ်လမ်းမှာ တစ်ဖွဲ့ပေါ့။ ကျွန်တော်တို့က တောင်ဘက်တစ်လမ်းမှာ သူ့ကို ကျည်ဆံ မထိခင် အသံဗုံးတစ်လုံး ကွဲတယ်။ အနောက်က သူငယ်ချင်း တစ်ယောက်က ဝေယံ မထနဲ့လို့ လှမ်းအော်တယ်။ သူ မကြားဘူး ထင်ပါရဲ့။ နောက်ပြန်လှည့်ဖို့ ထ အပြေး၊ သူ့ခေါင်းရဲ့အနောက်ဘက်ကနေ အရှေ့ဘက်ကို ကျည်ဆံ ဖောက်သွားတာ။

.

အဖွဲ့ထဲက တစ်ယောက်က အော်တယ်။ တစ်ယောက်ထိသွားပြီ။ ဆုတ် ဆုတ် ဆိုမှ အဲတာနဲ့ သူ့ကို လူ ၄ ယောက် ဆွဲတယ်။ ဆွဲပြီးလို့ အဲဒီ အနောက်လမ်းကြားထဲ ရောက်ကာမှ သူ့ကို ဆေးအဖွဲ့က ခေါင်းကို ပတ်တီးတွေနဲ့ ပတ်ပေးတယ်။ အဲ့အချိန် ဟိုကောင်တွေက လမ်းတွေထဲထိ ထက်လိုက်လာပြီဆိုတော့ ကျွန်တော်တို့ကတော့ ဆိုင်ကယ်တစ်စီးပေါ် သူ့ကိုတင်ပြီး ဆေးအဖွဲ့နဲ့ ထည့်လွှတ်လိုက်တာ။ အဲ့မှာ သူ ဆေးရုံရောက်တဲ့အချိန် ကျွန်တော်တို့အဖွဲ့က အိမ်တစ်ခုမှာ ရှောင်နေတာ။

.

သူ့ဘေးနား ရှိနေတဲ့သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်တယ်။ ဝေယံကို လက်လျှော့လိုက်ပြီတဲ့၊ မရတော့ဘူးတဲ့။ည ၁၀ နာရီ ၄၅ မိနစ်မှာ သူဆုံးသွားတယ်ဆိုတာ သိလိုက်ရတယ်။ ပြီးတော့ အဲဒီနေ့က သူနဲ့ စကားပြောရင်းအရေးတော်ပုံ အောင်ရင် ဘာလုပ်မလဲ ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် မေးကြတာ။ သူကတော့ သူ့ကောင်မလေးနဲ့ ဟော့ပေါ့ သွားစားမယ်ဆိုပြီး ဖြေတာ”။

.

မိခင်တွေရဲ့ အားလုံး ဘေးကင်းပါစေ ဆိုတဲ့ဆုတောင်းသံဟာ မပြည့်ဝခဲ့ပါဘူး။ ချယ်ရီကွင်း လမ်းဟာ ကျည် မကွင်းခဲ့တော့ပါဘူး။ ရဲဘော် ကိုဝေယံမိုးဟာ ဦးခေါင်းကျည်ထိ ဒဏ်ရာနဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ည ၁၁ နာရီ ၃၈ မိနစ်မှာ ကျဆုံးခဲ့ရပါတယ်။ သူ မျှော်မှန်းထားတဲ့ အရေးတော်ပုံ အောင်ရင် မင်း ဘာလုပ်မလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ အထ မမြောက်ခဲ့ပါဘူး။

.

အရေးတော်ပုံ အောင်မြင်ဖို့ ပေးဆပ်သူတွေ ပေးဆပ် သွားခဲ့ရပြီ။ သူတို့ရဲ့ ပေးဆပ်မှူအပေါ် တောင်ကြီးမြို့သူ/သားတွေ သွေးမအေးကြောင်း သက်သေပြဖို့လိုပါတယ်။ စစ်ကောင်စီကို ရရာ နည်းလမ်းနဲ့ ဆန့်ကျင်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။ တောင်ကြီးမြို့ဟာ တော်လှန်သွေးတွေ ဆူပွက်နေသေးကြောင်း သက်သေပြကြပါ။ 

မတ်လ ၂၈ ရက်နေ့ ရောက်တိုင်း ရဲဘော်ဝေယံမိုးရဲ့ ပေးဆပ်မှူဟာ အလကား မဟုတ်ကြောင်း အောက်မေ့ သတိရကြပါ။

မြန်မာတစ်ပြည်လုံးက နွေဦးတော်လှန်ရေး သူရဲကောင်းတွေရဲ့ ပေးဆပ်မှူဟာ အလကား မဟုတ်ကြောင်း အောက်မေ့ သတိရကြပါ။



Journal Download

Photo of three cats