တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု၊ သလဲဦးကုန်းသာကျေးရွာ၌ ဘုန်းတော်ကြီးကျောင်း အိမ်သာ/ရေချိုးခန်း ဆောက်လုပ်ရန်အတွက် ရန်ပုံငွေ အကြောင်းပြကာ လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ဟု သိရသည်။
.
" တစ်နေ့/တစ်ည ၂၄ နာရီကို ၁ သိန်း ပေးပြီး လုပ်တာလို့ သိရတယ်ဗျ။ ရဲတွေလည်း အရပ်ဝတ်နဲ့ ဝင် ထိုး (လောင်း) ကြတယ်။ ယူနီဖောင်းနဲ့တော့ လာတာ မတွေ့ရဘူး။ " ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
.
အဆိုပါ လောင်းကစားဝိုင်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က စတင်၍ စစ်ကောင်စီ လက်အောက်၌ အုပ်ချုပ်ရေးတာဝန် ယူထားများနှင့် ရဲနယ်ထိန်းများအား ငွေကြေး ပေးဆောင်ကာ ပြုလုပ်နေခြင်း ဖြစ်ပြီး ယနေ့ထိလည်း ပြုလုပ်နေဆဲ ဖြစ်သည်ဟု သိရသည်။
.
" ရန်ပုံငွေ ရှာရင်လည်း အချိန် အတိုင်းတာ တစ်ခုအနေနဲ့ ၁၀ ရက်၊ ၁၅ ရက်ပေါ့။ ခုဟာက ဖေဖော်ဝါရီ ၁၂ ရက်က စပြီး အချိန်ဆွဲပြီး ဂျင်ဝိုင်း လုပ်တာ။ မစည် စည်အောင်လို့ တပေါင်းလပြည့် ဆွမ်းလောင်းပွဲမှာ ကန်ထရိုက်နဲ့ အုပ်ချုပ်ရေးမှူး ညှိပြီး ဘော်လီဘောပြိုင်ပွဲပါ ထည့်လိုက်သေးတယ်။ " ဟု ဒေသခံ တစ်ဦးကလည်း ပြောသည်။
.
လောင်းကစားဝိုင်းများကြောင့် ခိုးယူ လုယက်မှုများ ဖြစ်ပေါ်မည်ကို ဒေသခံများက စိုးရိမ်နေကြသော်လည်း သင်္ကြန်ပွဲတော် အမည်ခံ၍ လောင်းကစားဝိုင်း ကာလအား ဆက်လက် လုပ်ကိုင်ရန် စီစဉ်နေသည်ဟု သိရသည်။