တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်အစိုးရရုံးဟောင်း အတွင်း၌ ယနေ့ မတ်လ ၂၂ ရက်၊ ညနေ ၄ နာရီခွဲခန့်က မော်တော်ယာဉ် တစ်စီး မီးလောင်ခဲ့သည်ဟု သိရသည်။
.
" ကား ဖျက်နေရင်း ရှော့ ဖြစ်ပြီး လောင်တာ။ ကားအဟောင်းကို ဖျက်နေတာလို့ ပြောတယ်။ ဘာကြောင့် ဖျက်လည်းတော့ မသိဘူး။ သိမ်းထားတဲ့ ကားဖြစ်လိမ့်မယ်။ ကားကို ပက်လက် လှန်ပြီးတော့ ဖျက်နေတာ၊ ဆီတိုင်ကီကို မီးကူးပြီး လောင်သွားတာ ထင်တယ်။" ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ မော်တော်ယာဉ်မှာ Saloon အမျိုးအစား မော်တော်ယာဉ် ဖြစ်ပြီး မီးသတ်ယာဉ် ၃ စီးဖြင့် မီးငြိမ်းသတ်ခဲ့သော်လည်း မီးလောင်ပျက်စီးခဲ့ကာ သံထည်များသာ ကျန်ရှိတော့သည်ဟု ၎င်း က ဆိုသည်။
.
မော်တော်ယာဉ် ပိုင်ရှင်နှင့် မော်တော်ယာဉ်အား ဖျက်သိမ်းရသည့် အကြောင်းအရင်း အတိအကျကိုမူ မသိရပေ။