ရှမ်းပြည်နယ်အတွင်းရှိ စာစစ်ဌာန အသီးသီး၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် စာရင်း ပေးသွင်းထားသော်လည်း ဝင်ရောက် မဖြေဆိုဘဲ ပျက်ကွက်သူ စုစုပေါင်း ၂၄၅၀ ဦးကျော် ရှိသည်ဟု သိရသည်။
.
ယနေ့ မတ်လ ၃၁ ရက်တွင် စစ်ကောင်စီက ပထမဆုံးအကြိမ် ပြုလုပ်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်အား မြန်မာစာဘာသာရပ် ဖြေဆိုရန် ပျက်ကွက်သူ ရှမ်းပြည်နယ်မှ ၂၄၅၄ ဦး ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းဦးရေ စုစုပေါင်း ၂၆၄၈၄ ဦး ရှိပြီး ယင်းအနက် ၂၄၀၃၀ ဦး ဖြေဆိုကာ ၂၄၅၄ ဦး ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။
.
" ဖြေဆိုသူက စာရင်းအရတော့ ၉၀ ရာခိုင်နှုန်းကျော် ရှိတယ်။ ဒါက ပထမနေ့ မြန်မာစာပေါ့။ နောက်ရက် အင်္ဂလိပ်တို့၊ သင်္ချာတို့ ကြရင်လည်း ပျက်ကွက်တာမျိုး ထပ် ရှိလာနိုင်သေးတယ်။" ဟု ရှမ်းပြည်နယ် ပညာရေးမှူးရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
မြန်မာ တစ်နိုင်ငံလုံးတွင်မူ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းဦးရေ စုစုပေါင်း ၃၁၂၄၂၄ ဦး ရှိပြီး ယင်းအနက် ၂၈၁၇၄၁ ဦး ဖြေဆိုကာ ၃၀၆၈၃ ဦး ပျက်ကွက်ကြောင်း သိရသည်။