ဘုံနိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု လိုလားသော မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က ထုတ်ပြန်သည်။
.
ရှမ်းပြည်တိုးတက်ရေးပါတီ၏ တိုးချဲ့ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး ဘုံသဘောတူညီချက် အဖြစ် ဖေဖော်ဝါရီလ ၂၅ ရက် ရက်စွဲဖြင့် ကြေညာရာ၌ ယင်းအချက်ကိုပါ ထည့်သွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ တန်းတူညီရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ် ဒီမိကရေစီပြည်ထောင်စု တည်ဆောက်ခြင်းသာ ဖြစ်ပြီး ဘုံနိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်အဖြစ် သံဓိဌာန်ချမှတ်ထားမှသာ စည်းလုံးညီညွှတ်သော ပြည်ထောင်စုခရီး ရှေ့ဆက်နိုင်မည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
.
ပြည်တွငိး စည်းလုံး ညီညွတ်ရေးသည် မရှိမဖြစ် လိုအပ်လာပြီ ဖြစ်၍ ဖက်ဒရယ်ဒီမိုကရေစီ လိုလားသော အင်အားစုများ စုစည်းကာ စည်းလုံးညီညွတ်သော အခြေအနေ တစ်ရပ် ဖြစ်အောင် ကြိုးပမ်း တည်ဆောင်ရမည်ဟု တိုက်တွန်းထားသည်။
.
ထို့အပြင် မူးယစ်ဆေးဝါး ပပျောက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
.
အဆိုပါ ရှမ်းပြည်တိုးတက်ရေးပါတီ တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးကို ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၂၅ ရက်အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။