ရှမ်းပြည်တိုင်းရင်းသားများ လက်ခံသော ဖယ်ဒရယ်မူနှင့်အညီ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို တဆင့်ပြီး တဆင့်ရေးဆွဲနိုင်ရန် RCSS က ကမကထ ပြု၍ ပထမအဆင့်အနေဖြင့် ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၃ ရက်မှ ၇ ရက်အတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ဆက်လက်၍ ဖြစ်မြောက်ရေးတွေ့ဆုံ ဆွေးနွေးပွဲ အဆင့်ဆင့်ကို ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း RCSS က ယနေ့ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်သည့် ရှမ်းပြည် အမျိုးသားနေ့တွင် ထုတ်ပြန်သည်။
.
ရှမ်းပြည် ညီနောင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အချို့ အချင်းချင်း ဖြစ်ပွားခဲ့သော ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခများကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်း နည်းလမ်းများဖြင့် ကြိုးပမ်းဖြေရှင်းသွားမည် ဖြစ်ကြောင်းနှင့် တိုက်ပွဲများကြောင့် ဒုက္ခရောက်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများ၏ စားဝတ်နေရေးအတွက် တတ်အားသရွှေ့ ကူညီပံ့ပိုးပေးနေပြီး ဆက်လက်ကူညီပံ့ပိုးပေးနိုင်ရေးလည်း နည်းလမ်းရှာ ကြိုးပမ်းသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
ထို့အတူ လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရာတွင် နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြီး ဝိုင်းဝန်း အဖြေရှာကြရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု စုပေါင်းတည်ဆောက်နိုင်ရေးကို ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရန်ကိုလည်း တိုက်တွန်းထားသည်။